Tuesday, February 11, 2020

AA က ငြင်းဆို၍ ရမ်းဗြဲမြို့နယ် NLD ပါတီဝင် ဦးဇေယျာမင်း မည်သည့်အဖွဲ့ဖမ်းမှန်းမသိသေးဟု ဒေါက်တာမျိုးညွန့် ပြော

Image may contain: 1 person, suit
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် NLD အလုပ်အမှုဆောင်တစ်ဦးကို လက်နက်ကိုင် (၈)ဦး ဖေဖော်ဝါရီလ ၈ရက်နေ့ ညနေ၆နာရီလောက်ဖမ်းဆီးခေါ်ဆောင်သွားသော်လည်း AA အဖွဲ့က ငြင်းဆိုထား၍ မည်သည့် လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသည်ကို မသိရှိရသေးကြောင်း NLD ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်ကပြောဆိုသည်။

ဖမ်းဆီးခံရသူသည် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်က NLD ပါတီရဲ့ အလုပ်အမှုဆောင်လည်းဖြစ်၊ ဘဏ္ဍာရေးမှူးလည်းဖြစ်သူ ဦးဇေယျာမင်းကို သနပ်ကုန်းကျောက်ဆောင်ကျေးရွာအနီးတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကာ မည်သည့် အဖွဲ့စည်းက ဖမ်းဆီးခေါ်ဆောင်သွားသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ၎င်းကပြောဆိုသည်။
“ ကျွန်တော်တို့ အဲဒါကို အတည်ပြုနိုင်ဖို့ ကြိုးစားတုန်းပဲ။ ကျွန်တော်တို့ ပထမပြောလိုက်တာ AAက ဖမ်းဆီးသွား တယ်ဆိုတာ မိသားစုပေးတဲ့သတင်းပေါ်မူတည်ပြီး ကျွန်တော်တို့ ပြောတာပါ။ သူတို့ဘာကြောင့် ပြောလဲဆို တာကိုကျွန်တော်တို့ အခုပြန်ပြီးတော့ မေးထားတုန်းပါပဲ။ ဒါကတော့ ကျွန်တော်တို့ နိုင်ငံရေးပြဿနာလို့ ယုံကြည်ပါတယ်။ နိုင်ငံရေးတောင်းဆိုချက်ရှိရင်နိုင်ငံရေးပြဿနာပါပဲ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းဖို့ကျွန်တော်တို့ကတော့ သင့်တော်ပါတယ်လို့ထင်ပါ တယ်။ လက်နက်ကိုင်ပဋိပက္ခကတော့ လက်နက်ချင်းပြိုင်ဆိုင်ပြီးတော့ပိုပြီး အမုန်းတရားတွေပွားလာမယ်။ နောက်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးမဖြစ်နိုင်ဘူးလို့ ထင်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်ကပြောဆိုသည်။
ရခိုင်ပြည်နယ်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ ဖမ်းဆီးခေါ်ဆောင်ခံရခြင်းသည် တိတယကြိမ်မြောက်ဖြစ်ပွားခြင်းဖြစ်ပြီး ပထမအကြိမ်တွင် ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်ကို AAအဖွဲ့က ဖမ်းဆီးခဲ့ပြီးပြန်လည် လွှတ်ပေးခဲ့ကြောင်း၊ ဒုတိယကြိမ်တွင် ဘူးသီးတောင် NLD ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းကို AAကဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းကြောင်း၊ ယခု တတိယအကြိမ်မြောက်တွင် ထပ်မံ၍ ရမ်းဗြဲ NLD ပါတီဝင် ဖမ်းဆီးခေါ်ဆောင်ခံရခြင်းဖြစ်ကာ မည်သည့်အဖွဲ့ကဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။
“ကျွန်တော်တို့ပါတီအနေနဲ့ကတော့ ပါတီဝင်နေရာ မိမိတို့ကိုယ်တိုင် နိုင်ငံရေးသတိနဲ့သွားလာလှုပ်ရှား ဖို့ပဲရှိပါ တယ်။ ကျွန်တော်တို့က အထူးလုံခြုံရေးအစီအမံတွေ ဆောင်ရွက်နိုင်ခြင်းတော့မရှိပါဘူး။ နိုင်ငံမှာကျွန်တော်တို့ လက်နက်ကိုင်ပဋိပက္ခတွေပြီးတော့ကျယ်ပြန့်လာတာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်။ လက်နက်ကိုင်တွေနဲ့ကျွန် တော်တို့ဖြေရှင်းဖို့ ကြိုးစားတာ အခုထိ ဘယ်မှာမှမအောင်မြင်ပါဘူး။ အဲဒီတော့ကျွန်တော်တို့ မအောင်မြင်နိုင်တဲ့ နည်းလမ်းကို ကျွန်တော်တို့ဆက်ပြီး ကြိုးစားနေမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာလည်း နစ်နာပါတယ်။ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ နစ်နာပါ လိမ့်မယ့်လို့ကျွန်တော်ပြောချင်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်ကပြော ဆိုသည်။
ရခိုင့်တပ်မတော် (AA) ကမူ ရမ်းဗြဲ NLD ပါတီဝင်ကို ဖမ်းဆီးခြင်းမရှိဟု သတင်းမီဒီယာများသို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုထားသည်။
NLD ပါတီဝင်တစ်ဦးကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးမှုနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။

No comments:

Post a Comment

My Blog List