Tuesday, February 11, 2020

ဘဏ်တိုးနှုန်း ဗဟိုဘဏ်မလျှော့လိုသေး

Image may contain: 1 person, text

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃ဦးက ဘဏ်တိုးနှုန်းလျှော့ချရေး ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြသော်လည်း ဗဟိုဘဏ်ဘက်က အတိုးနှုန်းကို မလျှော့လိုသည့်ဘက်တွင်ရှိနေပြီး ဘဏ်တိုးလျှော့ချလိုက်လျှင်ပင် နိုင်ငံစီးပွားရေးကျဆင်းတော့မည့်အနေ အထားအထိပြောဆိုဆွေးနွေး သွားခဲ့သည်ကို ယနေ့တွေ့ရှိခဲ့ရသည်။

ဗဟိုဘဏ် ဒုတိယဥက္ကဌဦးစိုးမင်းက ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းကိုဈေးကွက်မှသတ်မှတ်သည့်အတိုင်းဆောင်ရွက်နေကြောင်းပြောကာ၊ အတိုးနှုန်းလျှော့ချခြင်းကြောင့် အချို့က ချေးငွေကုန်ကျစရိတ်လျှော့ကျပြီး ရင်းနှီးမြှပ်နှံမှုများတွင်ပါဝင်ဆောင်ရွက်လာမည်ဟု မျှော်လင့်ကြသည်ကိုတွေ့နေရကြောင်း စသည်ဖြင့် အစချီကာ ဘဏ်များတွင်ရှိနေသည့် ငွေပမာဏက စီးပွားရေးကို တဟုန်ထိုးမြှင့်တင်ပေးနိုင်မည့် ပမာဏမရှိသေးကြောင်း ပြည်ထောင်စုလွှတ်တော်ကို ပြောဆိုခဲ့သည်။
“သာမာန်အားဖြင့် တိုးတက်ပြီး ငွေရေးကြေးရေးဈေးကွက်ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အတိုးနှုန်းမူဝါဒသည် မောင်းနှင်မှုအား တစ်ခုဖြစ်သော်လည်း ကျွန်တော်တို့နိုင်ငံကို ကြည့်လျှင် ဖွံ့ဖြိုးသည့်ငွေကြေးဈေးကွက် မဖြစ်ပေါ်သေးဘဲ ငွေကြေးကဏ္ဍအတွင်းငွေကြေးများ၏ လည်ပတ်လှုပ်ရှားနေသည့်ပမာဏဟာ စီးပွားရေးကိုအားပေးမြှင့်တင်နိုင်သည့်၊ရင်းနှီးမြှပ်နှံမှုကို တဟုန်ထိုးတွန်းအားပေးနိုင်မယ့် ပမာဏများမရှိသေးဘူးဆိုတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ဒါ့ကြောင့် အတိုးနှုန်းအပြောင်းအလဲဟာ စီးပွားရေးကိုအထောက်အကူမပြုဘဲ အရည်အချင်းမပြည့်ဝသည့် ချေးငွေများကို တိုးပွားစေမှာ၊ငွေကြေးဖောင်းပွမှုကိုထောက်ပံ့ပေးရာရောက်သွားမှာ စီးပွားရေးတည်ငြိမ်မှုကိုပျက်စီးစေမှာ စတဲ့အကြောင်းများကိုလည်း စဉ်းစားချင့်ချိန်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ ဘဏ်လုပ်ငန်းကဏ္ဍရဲ့ ငွေကြေးအရင်းအနှီးပမာဏအလိုက် ကဏ္ဍအလိုက် ဦးစားပေးချေးငွေ ထုတ်ချေးမှုအပေါ် ရင့်ကျက်မှုများကိုလည်း စဉ်းစားရမှာဖြစ်ပါတယ်”ဟု ဦးစိုးမင်းက ပြောဆိုခဲ့သည်။
ဗဟိုဘဏ်သည် အတိုးနှုန်းကို ဗဟိုဘဏ်လျော့နှုန်း ၁၀ % ၊ အပ်ငွေကိုပေးရမည့် အနိမ့်ဆုံးအတိုးနှုန်း ၈ %၊ ချေးငွေ စာရင်းပိုထုတ်ချေးငွေအ ပေါ် တောင်းခံနိုင်သည့် အမြင့်ဆုံး အတိုးနှုန်းက ၁၃% သတ်မှတ်ထားသည်ဟုသိရသည်။
ယင်းအတိုးနှုန်းသည် အာဆီယံနိုင်ငံများအတွင်း အမြင့်ဆုံးအနေအထားဖြစ်နေသည့်အတွက် ဘဏ်တိုးလျှော့ရန် တောင်းဆိုမှုများလည်းရှိနေကြသည်။
ဗဟိုဘဏ်ဘက်က ဘဏ်တိုးနှုန်းကို လုံးလုံးမလျှော့ခြင်းမျိုးမဟုတ်ဘဲ လျှော့သင့်ချိန်ရောက်လျှင်လျှော့မည်သဘောမျိုးပြောဆိုသွားခဲ့သည်ကိုမူတွေ့ရှိရသည်။
“သင့်လျော်သည့်အချိန် အတိုးနှုန်းပြောင်းလဲမှုကို ဗဟိုဘဏ်က ဆောင်ရွက်သွားရန်ရှိပါသည်”ဟု ဗဟိုဘဏ်ဒုတိယဥက္ကဌကပြောသည်။
အုတ်တွင်းမဲဆန္ဒနယ်မှဒေါ်ချိုချိုက အိမ်နီးချင်းနိုင်ငံများ၏ ဘဏ်တိုးနှုန်းများကို လေ့လာကြည့်ပါရန်နှင့် ဘဏ်တိုးနှုန်းများနေခြင်းက ဘဏ်တိုးကိုမှီခိုစေဖို့ ဖြစ်လာစေသည့်အကြောင်း၊အိန္ဒိယဗဟိုဘဏ် က နိုင်ငံစီးပွားရေးတိုးစေဖို့အတွက် တစ်နှစ်ထဲမှာပင် ၂ကြိမ်ဘဏ်တိုးနှုန်းလျှော့ချခဲ့သည့်အကြောင်း ဖေဖော်ဝါရီ ၆ရက်နေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအတွင်း ပြုလုပ်သည့် ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက်အစီရင်ခံစာနှင့် ငွေရေးကြေးရေးတည်ငြိမ်မှုအခြေအနေအစီရင်ခံစာ ဆွေးနွေးစဉ် ပြောဆိုဆွေးနွေးသွားခဲ့သည်။
မောင်မောင်/Myanmar Harp

No comments:

Post a Comment

My Blog List