Friday, February 14, 2020

နေပြည်တော် သပြေကုန်းအဝိုင်းတွင် ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မိန့်ခွန်းကောက်နုတ်ချက်

Image may contain: one or more people and text
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထု စိုက်ထူတာဟာ သမန်ကာ လျှံကာ အသွင်သဏ္ဍာန်အရ လုပ်နေကြခြင်း မဟုတ်ဘဲ နိုင်ငံရဲ့ အရေးအရာများနဲ့ စပ်လျဉ်းပြီး အနှစ်သာရရှိရှိနဲ့ လုပ်နေကြခြင်းဖြစ်တယ်လို့ ခံယူပါတယ်။ မျိုးဆက်သစ်လူငယ်များအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုးသားဖြောင့်မတ်တည်ကြည်မှု တိုင်းပြည်အတွက် ဖြူစင်တဲ့ စေတနာ သန့်ရှင်းတဲ့ မေတ္တာ မွန်မြတ်တဲ့လမ်းစဉ်တွေကို အတုယူကာ တိုင်းကျိုးပြည်ကျိုး သယ်ပိုးစေရန်လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြတ်သားတဲ့ လက်ရုံးရည်၊ နှလုံးရည် သီလ၊ သမာဓိ၊ သိက္ခာ ပြောင်မြောက်တဲ့ အသိပညာ၊ အတွေးအခေါ် အယူအဆတွေကိုလည်း အားကျလျက် တိုင်းချစ်ပြည်ချစ်စိတ်များ ထက်သန်စေရန်လည်းကောင်း တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်ကျိုးမဖက် ရာထူးမမက် လွတ်လပ်ရေးအတွက် အသက်ပေးပြီး ကိုယ်ကျိုးစွန့် အနစ်နာခံသွားခဲ့တာတွေကို နမူနာယူကြပြီး ဇာတိသွေး၊ ဇာတိမာန် ရှင်သန် စေရန်လည်းကောင်း မြန်မာ့နိုင်ငံရေးသမိုင်းတွင် မော်ကွန်းထိုးထားရမယ့် ကြီးကျယ်ခန်းနားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဆောင်ချက်များကို စံပြုကြရန်လည်းကောင်း ရည်ရွယ်ချက်ကောင်းများရှိတယ်လို့ ကျွန်တော် ခံယူထားပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်တုကို မြင်တွေ့တိုင်း ဗိုလ်ချုပ်ရဲ့မူဝါဒ လမ်းစဉ်တွေကို အကောင်အထည်ဖော်ရန် ကျန်သေးတယ်ဆိုတာကို မမေ့မလျော့စေရန်ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို သတိရတိုင်း ဗိုလ်ချုပ်ရဲ့ အဆိုအမိန့် လုပ်ငန်းလမ်းညွှန်တွေကို ဆောင်ရွက်ရန် ရှိသေးတယ်ဆိုတာကို မလစ်ဟင်းကြစေရန် ဖြစ်ပါတယ်။ ဗိုလ်ချုပ်မျှော်မှန်းတမ်းတ ထုဆစ်ပုံဖော်လိုတဲ့ တိုင်းပြည်မျိုးဖြစ်အောင် ကြိုးပမ်းကြဖို့ တာဝန် ဝတ္တရားတွေ မပြီးသေးတာကို သတိမပြတ်ကြစေရန် မွန်မြတ်တဲ့ ဦးတည်ချက်တွေရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ကျောင်းသားဘ၀ ဒို့ဗမာအစည်းအရုံးဝင် သခင်ဘ၀ တပ်မတော်သားဘ၀ နိုင်ငံ့ခေါင်းဆောင်ဘဝတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့တဲ့ မိန့်ခွန်းများမှာ လေ့လာမှတ်သားစရာ အလွန်များပြားလှပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းများကို စေ့င သေချာစွာ လေ့လာပါက ဗိုလ်ချုပ်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း ဘယ်အယူဝါဒရှိကြောင်း မည်သို့သော အရည်အချင်းတွေရှိကြောင်း မည်ကဲ့သို့သော ခေါင်းဆောင်ကောင်း ဖြစ်ကြောင်း ခွဲခြမ်းစိတ်ဖြာ သိမြင်လာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းများကို ဖတ်မှတ်ပြီး လိုက်နာကျင့်သုံးနိုင်သည်နှင့်အမျှ မိမိအတွက်ရော တိုင်းပြည်နှင့် ပြည်သူလူထုအတွက်ပါ အကျိုးရှိစေမှာဖြစ်ပါတယ်။
ဗိုလ်ချုပ်ရဲ့ စံပြုဖွယ်မိန့်ခွန်းများမှာ ကောက်နုတ်ချက် အနည်းငယ်မျှနှင့်ပင် ငယ်ငယ်ရွယ်ရွယ်နဲ့ ဗိုလ်ချုပ်ရဲ့ ခေတ်ရှေ့ပြေး နေတဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေကို ထင်ထင်ရှားရှား သိမြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်ရဲ့ ကျေးဇူးကို ဦးညွတ်အလေးပြုပြီး ကျွန်တော်အနေနဲ့ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ မူဝါဒ လမ်းစဉ် လုပ်ငန်းလမ်းညွှန်အချို့ကို နိုင်ငံသူ နိုင်ငံသားများ ပြန်လည်သတိရစေရန်အလို့ငှာ အခွင့်အခါကြုံခိုက် ရှင်းလင်း တင်ပြလိုပါတယ်။ မိမိရဲ့ အသက်အိုးအိမ်စည်းစိမ်ကို မြူတမြူ သဲတပွင့်မျှ ဂရုမစိုက်ဘဲ လုံးဝလွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ရေးအတွက် စဉ်ဆက်မပြတ် အသက်ပေးပြီး ကြိုးပမ်းခဲ့တဲ့ လွတ်လပ်ရေး ဗိဿုကာကြီး ဗိုလ်ချုပ်က ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရပြီးတဲ့အခါမှာ ဒီမိုကရေစီဝါဒကို ကျင့်သုံးရမယ်။ ဒီလိုကျင့်သုံးမှသာလျှင် နိုင်ငံသူ နိုင်ငံသားများ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ရရှိခံစားပြီး နိုင်ငံတော်လည်း ဖွံ့ဖြိုးတိုးတက်ခါ ငြိမ်းချမ်းရေးရရှိနိုင်မှာဖြစ်ကြောင်း ကြိုတင်မူဝါဒ ချမှတ်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင်လုပ်ရမယ်။ ဒီမိုကရေစီဝါဒသာ လွှတ်လပ်ရေးနဲ့ ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲ့ဒါကြောင့် ဒီဝါဒကိုသာ ကျွန်တော်တို့ ရည်ရွယ်ရမယ်လို့ 1945 ခုနှစ် သြဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးမှာ အတိအလင်း မြွတ်ကြားခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက ဒီမိုကရေစီနဲ့ စပ်လျဉ်းပြီးတော့လည်း နိုင်ငံသူ နိုင်ငံသားတွေ အလစ်အငိုက်မခံရစေဖို့ သတိမမူ ဂူမမြင်မဖြစ်စေဖို့ ပြောကြားခဲ့တာတွေလည်း ရှိပါတယ်။ 1947 ခုနှစ် မေလ 19 ရက်နေ့မှာ ကျင်းပတဲ့ ဖစပလ ပဏာမ ပြင်ဆင်မှုညီလာခံမှာ အခု ဒီမိုကရေစီခေါ်နေတဲ့ တိုင်းပြည်များဟာ တကယ့် ဒီမိုကရေစီ မဟုတ်သေးဘူး ငါးမူး သုံးမူး တပဲ လောက်ပဲ ဒီမိုကရေစီဖြစ်သေးတယ်။ဒီမိုကရေစီတိုင်း ဒီမိုကရေစီတာမဟုတ်ဘူး။ ဒီမိုကရေစီ ခေတ်စားလာတဲ့အခါမို့ ရောယောင်ပြီး သံဖမ်းပြောကြတာတွေလည်း အများကြီးပဲ စသည်ဖြင့် နိုင်ငံသူနိုင်ငံသားများ ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးစေရန် ပြေကြားခဲ့ပါတယ်။
အုပ်ချုပ်ရေးနဲ့ စပ်လျဉ်းပြီးတော့လည်း ဗိုလ်ချုပ်အောင်ဆန်းက ၎င်းကိုယ်တိုင်ဦးဆောင်ရေးဆွဲခဲ့တဲ့ 1947 ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နိဒါန်းမှာ လူမှုဆက်ဆံရေး တရားမျှတမှု၊ စီးပွားရေး တရားမျှတမှု၊ နိုင်ငံရေး တရားမျှတမှု၊ အဆင့်အတန်း ညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ တရားဥပဒေအရာတွင် ညီမျှမှုတို့ကို နိုင်ငံသားအားလုံးတွင် တန်းတူရည်တူ ရရှိခံစားစေနိုင်ခြင်းငှာ အခိုင်အမာ သံန္နိဌာန်ချထားခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူတို့ရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးတဲ့ အုပ်ချုပ်ရေး ယန္တရားဖြစ်စေရန် တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်လာစေရန် ရည်သန်ပြီး ဗိုလ်ချုပ်အောင်ဆန်းက တိုင်းသူပြည်သား ဆန္ဒအရမဟုတ်ဘဲ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ခြယ်လှယ်နေတဲ့ စနစ်ဆိုးမျိုးရှိလျှင် အများပြည်သူရဲ့ဆန္ဒနဲ့ လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူယိုးမှားတွေ ပေါ်လာနိုင်တယ်လို့ သတိထားကြရန် ပြောကြားပါသေးတယ်။
ဒါ့အပြင် တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်နဲ့ စပ်လျဉ်း၍လည်း လိုက်နာရန် အခုလို မိန့်ဆိုခဲ့ပါတယ်။ ဗမာ့လွတ်လပ်ရေး တပ်မတော်သည် အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ပတ်သက်၍ အလျင်းစွက်ဖက်ခြင်း ပြုလိမ့်မည်မဟုတ်။ ဗမာ့လွတ်လပ်ရေးတပ်မတော် ဗိုလ်များနှင့် တပ်သားများသည် ပါတီနိုင်ငံရေး အုပ်ချုပ်ရေးကိစ္စများနှင့် ပတ်သက်၍ ပါဝင်စွက်ဖက်ခြင်း အလျဉ်းမရှိစေရလို့ နိုင်ငံရဲ့ စည်းလုံးညီညွတ်ရေးကို ရည်ရွယ်ပြီး ရှောင်ရန် ဆောင်ရန်ကိုလည်း လမ်းညွှန်ခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးဂန္ဓဝင်စာအုပ်မှာ လေ့လာတွေ့ရှိရပါတယ်။
တဖန် တပ်မတော်ဖခင်ကြီးက တမျိုးသားလုံးညီညွတ်ရေးကို ရည်ရွယ်ပြီး ဒီတပ်မတော်ဟာ လူတစ်ဦးတစ်ယောက်အတွက် တည်ထောင်ထားတာမဟုတ်ဘူး။ တစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက်ဖြစ်တယ်။ ဒီတပ်မတော်ဟာ တစ်စု တစ်ဖွဲ့ တစ်ပါတီ လူတစ်စုအတွက် တည်ထောင်ထားတာမဟုတ်ဘူး။ တစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက်ဖြစ်တယ်လို့ မည်သို့သော တပ်မတော်မျိုးဖြစ်သင့်သည်ကို အထူးသတိပြုဆင်ခြင်ဖွယ်ရာ မိန့်ကြားခဲ့တာကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရှားပါးမိန့်ခွန်းမှာ ဖတ်ရှုခဲ့ရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားများအရေးနဲ့ စပ်လျဉ်း၍လည်း တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိကြောင်းကို ပင်လုံစာချုပ်အပိုဒ် (၅)တွင် လက်ခံခဲ့ပါတယ်။ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များတွင် အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များကို သတ်မှတ်ထားသည့် အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်ဟုလည်း ပင်လုံစာချုပ် အပိုဒ် (၇)တွင် သဘောတူခဲ့ပါတယ်။ ဒါ့အပြင် 1947 ခုနှစ် မေလ 19 ရက်နေ့မှာကျင်းပတဲ့ ပစပလ ပဏာမ ပြင်ဆင်မှုညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော့်အမြင်ရဆိုရင်တော့ အထက်လူမျိုးရေးအရ ရသင့်ရထိုက်တဲ့အခွင့်အရေးမျိုးတွေကို စည်းကမ်းသတ်မှတ်ပေးပြီးတော့ Unity State လူမျိုးကြီးတစ်မျိုးဆိုတဲ့ နိုင်ငံမျိုးတော့ ထောင်လို့မဖြစ်ဘူး။

ပြည်ထောင်စု သဘောမျိုးပဲ ဖြစ်ရမှာပဲလို့ ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ထောင်ရန် ရှင်းလင်းစွာ လမ်းညွှန်ခဲ့သည်မှာ ဗိုလ်ချုပ်ရဲ့ မွန်မြတ်တဲ့ စေတနာနဲ့ ဖြူစင်တဲ့သဘောထားကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်စေပါတယ်။ ဗိုလ်ချုပ်ဟာ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် စိတ်ဓာတ်မှန် လုပ်ရပ်မှန် အနစ်နာခံခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်လွတ်လပ်ရေးအတွက် နိုင်ငံရေး စည်းရုံးရေး စွမ်းရည်ရှိမှု တပ်မတော်ကို ဦးဆောင်ဖွဲ့စည်းနိုင်မှု တိုင်းရင်းသားလူမျိုးစား စည်းလုံးအောင် စွမ်းဆောင်နိုင်မှု တိုင်းသူပြည်သားအပေါင်းက ချစ်ခင်လေးစား အားကိုး ယုံကြည်မှု စသည်တို့ကို သိမ်းကျုံးရရှိထားပြီး တုဘက်ကင်းတဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။
ပြည်သူလူထုခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ညီညွတ်ရေးစတဲ့ နယ်ပယ်စုံ ကဏ္ဍစုံမှာ ယခုလို မူဝါဒများ၊ လမ်းစဉ်များ၊ လုပ်ငန်းလမ်းညွှန်များကို အမျှော်အမြင်ကြီးစွာ ညွှွန်ပြခဲ့သော်လည်း ယခုထိတိုင် ပြီးပြည့်စုံအောင် အကောင်အထည် မဖော်နိုင်ကြသေးတာကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အစိုးရအနေနဲ့ အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့တဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရန် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းလျက်ရှိပါတယ်။

ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရန် သန္နိဋ္ဌာန် ချပြီးဖြစ်ပါတယ်။ ဒီမိုကရေစီထွန်းကား၍ တည်တံ့ခိုင်မြဲသော ပြည်ထောင်စုကြီးအဖြစ် တည်ထွန်းစေရန် ရည်သန်ပြီးဖြစ်ပါတယ်။ အခြေခံလူ့အခွင့်အရေးများကို အာမခံမယ့် စစ်မှန်တဲ့ ဒီမိုကရေစီ ဖြစ်လာစေရန် ရည်ရွယ်ချက် ထားရှိပြီးလည်း ဖြစ်ပါတယ်။ အာဏာရှင်ဆန်၍ ပြည်သူလူထုကို ဖိနှိပ်မယ့် နိုင်ငံရေးစနစ်မျိုး ပြန်လည်ထွန်းကားရေး မရှိစေရန်လည်း ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုမွန်မြတ်တဲ့ အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော်အစိုးရက ကြိုးစားဆောင်ရွက်နေပါတယ်။
ရဟန်းရှင်လူ ပြည်သူ ကျောင်းသားကျောင်းသူ တိုင်းရင်းသားများအားလုံးကလည်း အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိဿုကာကြီး၊ တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ကျေးဇူးဆပ်သောအားဖြင့် ဝိုင်းဝန်းအားပေးကူညီကြရန် ပန်ကြားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဤကဲ့သို့သော ကျေးဇူးတရားကြီးမားတဲ့ ဗိုလ်ချုပ်အောင်ဆန်းအား မည်သို့မျှ မမေ့မပျောက်နိုင်ပါ။ ရာဇဝင်တင်လောက်တဲ့ ဗိုလ်ချုပ်ရဲ့ အဆိုအမိန့်များနဲ့ မော်ကွန်းထိုးလောက်တဲ့ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ချက်များမှာလည်း ထာဝရ တည်တံ့နေမယ်လို့ ယုံကြည်ထားပါတယ်။
ဗိုလ်ချုပ်ကျင့်သုံးခဲ့တဲ့လမ်းစဉ်၊ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ မူဝါဒ၊ ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ ပန်းတိုင်တို့ကို ကျွန်တော်တို့နဲ့အတူ ပြည်သူလူထုကြီးကပါ လိုက်နာအကောင်အထည်ဖော်ရင်း ဗိုလ်ချုပ်ကို မမေ့သေးကြောင်း ပြသကြပါစို့။ တိုင်းရင်းသားလူမျိုးများ အားလုံးကိုလည်း စုစည်းဦးဆောင်ကာ ဗိုလ်ချုပ်ဦးဆောင်ခဲ့သော ပြည်ထောင်စုတိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးနဲ့ ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ် ရှင်သန်စေရေးတို့ကို ထိန်းသိမ်းကာကွယ်ကြပါစို့။ ဗိုလ်ချုပ်ရည်ရွယ်မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် ပန်းတိုင်သို့အရောက် စည်းလုံးညီညွတ်စွာ ချီတက်ကြပါစို့လို့ အလေးအနက် သန္နဋ္ဌာန်ပြုကြရန် တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်အပ်ပါတယ်။
Myanmar Harp

No comments:

Post a Comment

My Blog List