Friday, February 14, 2020

ပြည်သူ့ဘဏ္ဍာငွေအမြောက်အများဆုံးရှုံးသွားအောင် စီမံခန့်ခွဲမှုအလွဲအမှားလုပ်ခဲ့သည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ပြည်ထောင်စုလွှတ်တော်တွင် ပြင်းထန်စွာဝေဖန်ခံခဲ့ရ


Image may contain: 2 people, text
လမ်းဘေးတိုက်ခန်းတွင်ဖွင့်ထားသည့် ပြည်ပတက္ကသိုလ်နှင့်ချိတ်ဆက်ဆောင်ရွက်ခဲ့မှုဖြင့် ပြည်သူ့ဘဏ္ဍာငွေသိန်း ၂၀၀၀ကျော်ရေစုံမျှောသွားအောင်ဆောင်ရွက်ခဲ့သော ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို NLD ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျင်းပနေဆဲပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြင်းထန်စွာဝေဖန်သွားခဲ့သည်
ဝေဖန်သွားသူမှာ မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်းဆိုသူဖြစ်ပြီး၊ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် အမေရိကန်ဟာဝိုင်အီ ရှိ Akamai University နှင့် မလေးရှား ပီနန်ကျွန်းပေါ်ရှိ EDS business school တို့နှင့် ချိတ်ဆက်ကာ ဝန်ထမ်းများကို ပြည်သူ့ရေးရာစီမံခန့်ခွဲမှုသင်တန်းများကို ၂၀၁၇မှ၂၀၁၉ အထိ သင်ကြားပေးခဲ့ရာတွင် ကျောင်းရွေးချယ်မှုကို တင်ဒါမခေါ်ခြင်း၊အခြားကျောင်းများနှင့် ယှဉ်ပြိုင်ရွေးချယ်မှုမလုပ်ခဲ့ဘဲ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

Akamai Universityသည် ဆိုင်တန်းလျားများအလယ် ရှိ အခန်းတွင်ဖွင့်ထားသော တက္ကသိုလ်တစ်ခုဖြစ်ကာ၊EDS business school သည်လည်း လမ်းဘေးတိုက်ခန်းလေးတစ်ခုအတွင်းဖွင့်ထားသည့် ကျောင်းတစ်ခုဖြစ်သည်ဟု ဦးမျိုးဝင်း၏ ဆွေးနွေးချက်အရသိရသည်။

အထက်ပါကျောင်းများမှ ဆရာများအတွက် ရာထူးဝန်အဖွဲ့က သင်တန်းစရိတ်အနေဖြင့် ၁၇၆သန်းကျော်( ကျပ်)၊သင်တန်းဆရာများအတွက် ခရီးစရိတ်နေထိုင်စားသောက်စရိတ်အနေဖြင့် ၁၃သန်း(ကျပ်)ကျော် အသုံးပြုခဲ့ကာ၊အဆိုပါကျောင်းများရွေးချယ်မှုကို အဆင့်ဆင့်ဆောင်ရွက်ပြီးမှ ရွေးချယ်ခဲ့ရကြောင်းနှင့် ထိရောက်သက်သာသည့်အခြားသော တက္ကသိုလ်အဖွဲ့အစည်းများမရှိသည့်အတွက် ရွေးချယ်လိုက်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဖြေရှင်းချက်ပေးထား သည်ကိုတွေ့ရသည်။

ယင်းအပေါ် ဦးမျိုးဝင်းက “ အဖွဲ့နဲ့သေချာရွေးချယ်ထားပါတယ်ဆိုတဲ့ ဒီကျောင်းတွေဟာ အခန်းလေးငှားပြီး အွန်လိုင်းမှာ ကျော်အောင်ညာထားတဲ့သင်တန်းကျောင်းတွေသာဖြစ်ပါတယ်။ ကျောင်းပုံစံအရ ရွှေကြာပင်ရပ်ကွက်ထဲက မူကြိုကျောင်းလောက်တောင် အမြင်မတင့်သလိုဂုဏ်သတင်းအရကျော်ဇောမှုကလည်းမရှိတဲ့အပြင် သက်ဆိုင်ရာအစိုးရတွေကလည်း ခရက်ဒစ်ပေးမထားဘူးဆိုတော့ ရာထူးဝန်အဖွဲ့ရဲ့ဝန်ထမ်းတွေအပေါ်ထားတဲ့စေတနာက လေးစားချင်စရာပါပဲ” ဟု ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုသွားသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကလည်း အစီရင်ခံစာဒုတိယတွဲအမှတ်စဉ်(၁/၂၀၂၀)၏ ပထမစာမျက်နှာအစမှာပင် ထူးခြားသောစစ်ဆေးတွေ့ရှိချက်များဟုဆိုကာ စီမံခန့်ခွဲမှုအလွဲအမှားကို ထောက်ပြပြီး တာဝန်ယူတာဝန်ခံရမည်ဖြစ်ကြောင်း သဘောထားမှတ်ချက်ပေးထားပြီးဖြစ်ကြောင်းလည်းသိရသည်။

မောင်မောင်/Myanmar Harp

No comments:

Post a Comment

My Blog List