Tuesday, February 11, 2020

မန္တလေးတိုင်းအစိုးရအဖွဲ့တွင် အလွဲသုံးစားမှုများတွေ့ဟု စာရင်းစစ်ချုပ်ပြေ


မန္တလေးတိုင်းအစိုးရအဖွဲ့လက်အောက်ရှိ ဌာနအဖွဲ့အစည်းများတွင် အလွဲသုံးစားမှုများအပါအဝင် ဘဏ္ဍာရေးစည်းမျဉ်းမကျမှု၊ လုပ်ထုံး လုပ်နည်းမကျမှုများတွေ့ရကြောင်း မန္တလေးတိုင်း စာရင်းစစ်ချုပ်ဒေါ်ခင်အေးဆွေက ပြောကြားသည်။

ဒုတိယအကြိမ်မြောက်မန္တလေးတိုင်းလွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးသတ္တမနေ့ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကျင်းပခဲ့ရာ မန္တလေးတိုင်းအစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ်(ဧပြီလမှ စက်တင်ဘာလအထိ) ဘဏ္ဍာငွေအရအသုံးစာရင်းနှင့် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာတင်သွင်းရာတွင် ၎င်းကထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီအကောင်အထည်မဖော်နိုင်ခြင်း၊ စီမံကိန်းလုပ်ငန်း အစီအစဉ်အသေးစိတ်ရေးဆွဲမှုနှင့်နည်းပညာများ တိတိကျကျသတ်မှတ်မှုမရှိခြင်းတို့ကြောင့် ငွေကြေးသုံးစွဲမှု အဟောသိကံဖြစ်နေခြင်းများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ထိရောက်သော စီမံခန့်ခွဲမှု၊ ကြီးကြပ်ဆောင်ရွက်မှုပြုလုပ်ရန်နှင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုကောင်းမွန်စေရေးအတွက် စစ်ဆေးတွေ့ရှိချက်များအပေါ် သုံးသပ်အကြံပြုချက်များကို အလေးထားဆောင်ရွက်ရန် တင်ပြအစီရင်ခံအပ်ကြောင်း မန္တလေးတိုင်းလွှတ်တော်၌ ဒေါ်ခင်အေးဆွေက ထပ်မံပြောဆိုခဲ့သည်။

မန္တလေးတိုင်းစာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ဘဏ္ဍာငွေအရအသုံးစာရင်းနှင့် လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုတင်ပြချက်များကို ပြည့်ပြည့်စုံစုံတင်ပြထားသည်ဟု လေ့လာသုံးသပ်ရမိကြောင်း ပြည်သူ့ငွေစာရင်းသုံးစွဲမှုစီစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်းသန်းထွန်းက ပြောကြားသည်။
ယင်းအစီရင်ခံစာကို လေ့လာသုံးသပ်ချက်အရ ဝန်ကြီးဌာနခုနစ်ခုအတွက် ဦးစီးဌာနများ၊ စီမံကိန်းများ၊ မြေငှားရမ်းခြင်းများ၊ အဆောက်အအုံငှားရမ်းခြင်းများ၊ ကြွေးကျန်များနှင့် ပြီးပြတ်အောင်ဆောင်ရွက်နိုင်မှု မရှိသေးသောလုပ်ငန်းများဟူ၍ ခွဲခြားစိစစ်တင်ပြထားသည်ကို တွေ့ရှိရကြောင်း ၎င်းကပြောဆိုသည်။
မန္တလေးတိုင်းအစိုးရအဖွဲ့စာရင်းစစ်ချုပ်အစီရင်ခံစာနှင့်ပတ်သက်၍ ဆက်လက်ကျင်းပမည့် မန္တလေးတိုင်းလွှတ်တော်၌ ထပ်မံဆွေးနွေးကြမည်ဖြစ်သည်။

The Voice

No comments:

Post a Comment

My Blog List