Thursday, February 13, 2020

(၂၀)ရာစုပင်လုံ စိတ်ဓာတ်ကိုယူဆောင်ပြီး (၂၁)ရာစုပင်လုံတွင် ဆွေးနွေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Image may contain: 16 people, people standing and outdoor
ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ (၂၀)ရာစုပင်လုံစိတ်ဓာတ်ကိုယူဆောင်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ (၂၁)ရာစုပင်လုံမှာ ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့လိုတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။ ဖေဖော်ဝါရီ(၁၂)ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှာ ကျင်းပတဲ့ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။
“ (၂၀) ရာစုပင်လုံရဲ့ စည်းလုံးညီညွတ်မှု စိတ်ဓါတ်ကို ယူဆောင်ပြီးတော့ (၂၁)ရာစုပင်လုံကို လက်ရှိကာလရဲ့ အခြေအနေတွေနဲ့ ကိုက်ညီအောင် ဆက်စပ်ပြီးတော့ ဆွေးနွေးညှိနှိုင်းကြပြီး ကျွန်မတို့နိုင်ငံအတွက် အသက်တမျှအရေးကြီးတဲ့ ရေရှည်တည်တံခိုင်မြဲမယ့် ငြိမ်းချမ်းရေးကို စုပေါင်းအားနဲ့ ရယူကြဖို့ပဲ ဖြစ်ပါတယ်” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားတာပါ။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို (၂၁)ရာစုပင်လုံလို့ နာမည်ပေးထားတာဟာ (၂၀)ရာစုပင်လုံညီလာခံရဲ့ စည်းလုံးညီညွတ်မှုကို ပြန်လည်အမှတ်ရစေဖို့ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ (၂၁)ရာစုပင်လုံမှာလည်း တိုင်းရင်းသားခေါင်းဆောင်တွေက စည်းစည်းလုံးလုံးဆွေးနွေးမယ်ဆိုရင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို အောင်မြင်စွာ တည်ထောင်နိုင်မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ (၂၀)ရာစုပင်လုံအစည်းအဝေးမှာ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ အမျှော်အမြင်ကြီးမားစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြသလို (၂၁) ရာစုပင်လုံမှာလည်း ကျွန်မတို့ တိုင်းရင်းသား ညီကိုမောင်နှမတွေ အမျှော်မြင်ရှိရှိ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဆွေးနွေးတိုင်ပင်ကြမယ်ဆိုရင် ကျွန်မတို့အားလုံး လိုလားတောင်းတနေတဲ့ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စုကို အောင်မြင်စွာ တည်ဆောက်နိုင်မှာ မလွဲဧကန် ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

(၂၀)ရာစုပင်လုံခေါင်းဆောင်ကြီးတွေလို သဘောထားကြီးပြီး စွန့်စားရဲတဲ့ သတ္တိရှိဖို့လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ တာပါ။ အဲ့ဒီအခမ်းအနားမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြည်ထောင်စုနေ့ အတွက် ပေးပို့တဲ့ သဝဏ်လွှာကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဖတ်ကြားခဲ့ပါတယ်။

No comments:

Post a Comment

My Blog List