Friday, February 14, 2020

ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ညီညွတ်‌ရေးနဲ့ အပေးအယူမျှတရေးပေါ်မူတည် ပြောချင်တာပြောခွင့်၊ တင်ပြချင်တာ တင်ပြခွင့်ရှိသော်လည်း ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်သည် စည်းမျဉ်းဥပဒေဘောင်အတွင်းမှသာ ဖြစ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


Image may contain: 1 person, on stage, text that says 'ပင်လုံမြို့'
နိုင်ငံသူနိုင်ငံသားများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်မွေးကြစေလိုကြောင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်သည် ညီညွတ်ရေးနှင့် အပေးအယူမျှတရေးပေါ်တွင် မူတည်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ပြည်ထောင်စုနေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့ရှိ ပြည်ထောင်စုကျောက်တိုင်ကွင်း၌ ကျင်းပသည့် လူထုတွေ့ဆုံပွဲ၌ ပြောကြား လိုက်သည်။
"ပြည်ထောင်စုစိတ်ဓာတ်ကို မွေးကြပါ။ နိုင်ငံသားကောင်း စိတ်ဓာတ်ကို မွေးကြပါ။ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ညီညွတ်ရေးနဲ့ အပေးအယူမျှတရေးအပေါ်မှာ မူတည်ပါ။ ထိုနည်းလည်းကောင်း နိုင်ငံသားကောင်းဆိုတာက အပေးအယူမျှတရေးနဲ့ မူတည်ပါတယ်။ အစိုးရနဲ့ နိုင်ငံသူနိုင်ငံသားတွေအကြား၊ အဖွဲ့အစည်းတွေအကြား၊ ပါတီတွေအကြား၊ လူ တစ်ဦးချင်းတစ်ဦးချင်းအကြား အပေးအယူမျှတမှသာလျှင် တိုးတက်တဲ့၊ သိက္ခာရှိတဲ့ ကမ္ဘာက တန်ဖိုးထားမယ့် နိုင်ငံတစ်ခု ဖြစ်လာမှာပါ" ဟု ၎င်းက ပြောသည်။
ဆက်လက်၍ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောချင်တာပြောခွင့်၊ တင်ပြချင်တာ တင်ပြခွင့်ရှိသော်လည်း ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်သည် စည်းမျဉ်းဥပဒေဘောင်အတွင်းမှသာ ဖြစ်ရမည်ဟု ပြောသည်။

"ကိုယ်ပြောချင်တာ ပြောပိုင်ခွင့်ရှိတယ်၊ တင်ပြပိုင်ခွင့် ရှိတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ဟာ စည်းမျဉ်းစည်းကမ်း ဥပဒေဘောင်အတွင်းကဘဲ ဖြစ်ရမယ်။ အဲဒီတော့ စည်းစောင့်စေချင်ပါတယ်။ နိုင်ငံသူနိုင်ငံသားတွေ စည်းစောင့်မှ၊ ကိုယ်ကလည်း ပေးတတ်တဲ့သူ ပေးချင်တဲ့သူ၊ ပေးရဲတဲ့သူဆိုတဲ့ ဂုဏ်သိက္ခာရှိမှသာလျှင် ကျွန်မတို့ နိုင်ငံတိုးတက်မှာပါ" ဟု ပြောသည်။

စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးမှာ စိန်ခေါ်မှုတွေ များစွာတွေ့နေရသော်လည်း မိမိအနေဖြင့် စိတ်ပူပင်သောက မရှိကြောင်း၊ တစ်ရက်ချင်း တစ်နေ့ချင်း လုပ်ရမည့်တာဝန်များကို ကျေကျေပွန်ပွန် ဆောင်ရွက်နိုင်မည်ဆိုပါက အပေးအယူမျှတစွာ လုပ်ခြင်းဖြင့် ထိုခရီးပန်းတိုင်ကို ရောက်အောင်သွားနိုင်ကြောင်း၊ အများပြည်သူအနေဖြင့် ဝိုင်းဝန်းကူညီကြစေလို ကြောင်း ပြောသည်။

"ကျွန်မတို့ နိုင်ငံဟာ စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီဟာတွေကို ကျော်လွှားဖို့ဆိုတာကို ကျွန်မအနေနဲ့ စိတ်ပူပင်သောကမရှိပါဘူး။ တတ်နိုင်သလောက် တစ်ရက်ချင်းတစ်ရက်ချင်း၊ တစ်နေ့ချင်းတစ်နေ့ချင်း လုပ်ရမယ့် တာဝန်တွေကို ကျေကျေ ပွန်ပွန် လုပ်သွားနိုင်ပြီဆိုရင် ကျွန်မ ကျေနပ်ပါတယ်။ လူတိုင်းလူတိုင်းကိုလည်း ဒီလိုပဲ စိတ် ထားစေချင်ပါတယ်။ တစ်နေ့ချင်းတစ်နေ့ချင်း ကိုယ့်ရဲ့တာဝန်တွေကို ကိုယ်ပြည်ပြည့်၀၀ ထမ်းဆောင်သွားမယ်၊ မှန်မှန်ကန်ကန်နဲ့ စည်းမျဉ်းစည်းကမ်းဘောင်အတွင်းက အပေးအယူ မျှတအောင်လုပ်သွားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ပဲ ကျွန်မတို့ နိုင်ငံကို ကူညီပေးစေချင်ပါတယ်။ တကယ့်ကို စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တစ်ခု ထူထောင်ရေးအတွက်ကို ဝိုင်းဝန်းကူညီပေးကြစေချင်ပါတယ်" ဟု ပြောကြားခဲ့သည်။
ပန်ပန်/Myanmar Harp

No comments:

Post a Comment

My Blog List