Monday, February 10, 2020

လာမည့် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရမည့်ပါတီ မမြင်သေးဟုဆို

Image may contain: 1 person, sitting
လာမည့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရမည့်ပါတီအား လက်ရှိအချိန်ထိ မတွေ့မြင်ရသေးကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရန်ကျော်က isee media သို့ပြောကြားသည်။

"ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းခဲ့တဲ့ကာလဟာ အခုအခါ ရွေးကောက်ပွဲနဲ့ဆို သုံးကြိမ်ရှိခဲ့ပါပြီ။ ၂၀၁၀ ခုနှစ်မှာ ပြည်ခိုင်ဖြိုးက အနိုင်ရပြီး အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရပြီး အစိုးရ အဖွဲ့ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ သို့သော် ဒီတစ်ကြိမ်တော့ ဘယ်အဖွဲ့အစည်းတွေ၊ ဘယ်ပါတီတွေ အနိုင်ရမယ်ဆိုတာတော့ လက်ရှိအချိန်မှာ မပြောနိုင်သေးဘူးလို့ပဲယေဘုယျပြောရမှာပါ။ ကျွန်တော်မြင်တာတော့ ဒီတစ်ကြိမ်တော့ ဘယ်ပါတီမှ တောင်ပြိုကမ်းပြို အနိုင်ရဖို့မလွယ်ဘူး" ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် သက်ဆိုင်ရာပါတီ အများစုက လာမည့် ရွေးကောက်ပွဲအတွက် အနိုင်ရရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေပြီး မကြာမီ ကာလအတွင်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်းများကို ပြည်သူလူထု သိရှိစေရန် တရားဝင်ထုတ်ပြန်ပေးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
"တိုင်းဒေသကြီးတွေမှာတော့ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်က အောင်ပွဲခံပါလိမ့်မယ်။ ပြည်နယ်တွေမှာတော့ သက်ဆိုင်ရာ လူမျိုးစုအလိုက် ကိုယ်စားပြုမယ့်ပါတီတွေ အနိုင်ရဖို့ များတယ်လို့မြင်ပါတယ်" ဟု ဦးရန်ကျော်က ပြောသည်။
လာမည့် ရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းတွင် ကျင်းပပြုလုပ်သွားဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေပြီး တိုင်းရင်းသား ဒေသအချို့တွင် တိုက်ပွဲဖြစ်ပွားရာ နေရာအချို့၌ ရွေးကောက်ပွဲ ကျင်းပရန် အခက်အခဲများ ရှိနေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက မီဒီယာများတွင် ပြောကြားထားမှုရှိသည်။
"လာမယ့် ရွေးကောက်ပွဲကတော့ ပြိုင်ဆိုင်မှု တော်တော်လေးရှိလာမယ့် ရွေးကောက်ပွဲဖြစ်လာမှာပါ။ တိုင်းရင်းသား ပါတီတွေကလည်း သူ့ပြည်နယ်သူ အနိုင်ရဖို့ တော်တော်လေး ပြင်ဆင်နေတာရှိနေတယ်။ စုစည်းမှုကောင်းကောင်းနဲ့ အကြိတ်အနယ် ရှိလာမယ့် ရွေးကောက်ပွဲတစ်ခုဖြစ်လာမယ်လို့တော့ မြင်ပါတယ်"ဟု မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမင်းစိုးလင်းက ပြောသည်။
ကိုဖူးသစ်
Isee Media

No comments:

Post a Comment

My Blog List