Friday, February 14, 2020

ရဲတပ်ဖွဲ့ဝင်အင်အားပိုမိုဖော်ပြပြီး လစာထုတ်ခြင်းအပါအဝင် ငွေထုတ်ချက်လက်မှတ်အချို့ကို ထပ်တိုးပြင်ဆင်ခြင်းများဖြင့် ရဲတပ်ဖွဲ့အတွင်း ငွေအလွဲသုံးစားဖြစ်ပေါ်

No photo description available.
ရဲတပ်ဖွဲ့တွင် ဌာနတွင်းကြီးကြပ်မှုအားနည်းခြင်းကြောင့် အမှတ်(၄)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(ရွှေစာရံ)၊အမှတ်(၃)ရဲလေ့ကျင့်ရေးကျောင်း(စစ်ကိုင်း)၊အမှတ်(၁)ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ခွဲ(ရေနံချောင်း)၊ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစရှိသည်တို့တွင် အလွဲ သုံးစားမှုများဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထောင်စုစာ ရင်းစစ်ချုပ်ရုံး၏ ၂၀၁၈ဧပြီလမှ စက်တင်ဘာလ ၆လအထိ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်အစီရင်ခံစာအရသိရသည်။

အလွဲသုံးစားမှုများနှင့် ပတ်သက်ပြီး စာရင်းစစ်ချုပ်ရုံးက အမှတ်(၄)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(ရွှေစာရံ)သည် အသုံးစရိတ်ထုတ်ယူသည့် ချက်လက်မှတ် ၂၄စောင်ကို အမှန်ထုတ်ယူရမည့်ငွေပမာဏထက် ထပ်တိုး၊လျော့ထုတ်၊ပြင်ဆင်ကာ သိန်း၈၀၀ကျော်ပိုထုတ်ကာ အလွဲသုံးစားလုပ်ခဲ့ကြောင်း၊အမှတ်၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်း(စစ်ကိုင်း)သည် သင်တန်းသစ်ဖွင့်လှစ်ခြင်းမရှိဘဲ သင်တန်းသားစရိတ်ထုတ်ယူခြင်း၊ချက်လက်မှတ်ကို ပြင်ဆင်ခြင်းများပြုလုပ်ကာငွေထုတ်ခြင်းဖြင့် သိန်း၁၀၀၀ကျော် အလွဲသုံးစားလုပ်ခဲ့ကြောင်း၊အမှတ်(၁)ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ခွဲ(ရေနံချောင်း)သည် တပ်ဖွဲ့ဝင်အင်အား ပိုမိုဖော်ပြခြင်း၊ချက်လက်မှတ်ကို ပြင်ဆင်ခြင်း၊လစာငွေတောင်းခံလွှာပါ စုစုပေါင်း ငွေရပ်ထက်ပိုမိုဖော်ပြထုတ်ယူခြင်းဖြင့် သိန်း၂၀၀ကျော်အလွဲသုံးစားလုပ်ခဲ့ကြောင်း၊ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသည် သိန်း၄၀၀၀ကျော်အလွဲသုံးစားလုပ်ကြောင်း စသည်ဖြင့် လွှတ်တော်ကို အစီရင်ခံထားသည်။
အလွဲသုံးစားမှုအဆိုးဆုံးဖြစ်ခဲ့သည် ဟိုပန်ခရိုင်ရဲရုံးမှစာရေးအဆင့်(၁) တရားခံပြေး ဒေါ်နန်းစွမ်းရည်သည် အလွဲသုံးစားငွေများကို ၂ရာခိုင်နှုန်းအတိုးရရန် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကိုငွေလွဲခြင်း၊တောင်ဥက္ကလာပတွင် မြေနှင့်အိမ်ဝယ်ခြင်းများဆောင်ရွက်ခဲ့သည်ကိုလည်းတွေ့ရသည်။
အလွဲသုံးစားလုပ်ခဲ့သည့် ငွေစုစုပေါင်းမှာ သိန်း၆၀၀၀ကျော်ရှိကာ၊ဟိုပန်ခရိုင်ရဲရုံးမှလွဲ၍ ကျန်ရဲတပ်ဖွဲ့များထံမှ သိန်း၂၀၀၀ကျော်ပြန်ရထားပြီးဟိုပန်မှသိန်း၄၀၀၀ကျော်ကို ပြန်မရသေးကြောင်းနှင့် အလွဲသုံးစားလုပ်ခဲ့ကြသူများကို ရဲတပ်ဖွဲ့က အရေးယူအမှုဖွင့်ခြင်းများဆောင်ရွက်ထားခြင်းအပြင်၊ ပြန်ရပြီးဖြစ်သည့် ငွေများနှင့် စပ်လျဉ်းပြီး ရဲတပ်ဖွဲ့က တရားစွဲထားခြင်းအား အမှုပိတ်ရန်တင်ပြထားခြင်းလည်း ရှိနေသည်ဟု သိရသည်။
ရဲတပ်ဖွဲ့က အမှတ်(၄)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(ရွှေစာရံ)အပေါ် ငွေထုတ်အရာရှိအား ၃နှစ်လျော့ပြစ်ဒဏ်၊
အကြီးစာရေးအားအလုပ်ထုတ်ကာ ရာဇသတ်ကြီးပုဒ်မ ၄၀၉ အရ ပုသိမ်ကြီးတရားရုံးတွင် တရားစွဲကာ ငွေများပြန်သွင်းပြီးဖြစ်၍ အမှုပိတ်ရန် တင်ပြထားခြင်း၊အမှတ်(၃)ရဲလေ့ကျင့်ရေးကျောင်း(စစ်ကိုင်း)အပေါ် ငွေစာရင်းပြုစုသူအကြီးတန်းစာရေးအားအလုပ်မှထုတ်ပယ်၊နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူ၊ငွေထုတ်အရာရှိကို ရဲမှုထမ်းခြင်းမှထုတ်ပယ်၊ကြီးကြပ်သူအရာရှိ၊ရဲအုပ်၊ရဲတပ်ကြပ်ကြီးတို့အား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့်အရေးယူခြင်း၊အမှတ်(၁)ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ခွဲ(ရေနံချောင်း)အပေါ် တာဝန်ရှိစာရင်းကိုင် ဒုတပ်ကြပ်မှာ ထွက်ပြေးသွား၍ ရဲပြေးကြေညာ၊ကြီကြပ်သူအရာရှိနှင့်ငွေထုတ်အရာရှိတို့ကို ရုံးထိုင်စစ်ဆေးခဲ့ခြင်း၊ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအပေါ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် ညှိစွန်မှုရှိ၊မရှိ စစ်ဆေးကာ ၎င်းတို့ပိုင်ဆိုင်သည့် ငွေကြေးနှင့်ပစ္စည်းများပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းယူနိုင်ရေးဆောင်ရွက်နေဆဲဖြင့် အရေးယူထားကြောင်းသိရသည်။

အလွဲသုံးစားမှုများနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ဌာနတွင်းကြီးကြပ်ကွပ်ကဲမှုစနစ်ကောင်းတစ်ရပ်ချမှတ်ရန် လိုအပ်သည်ဟု ထောက်ပြကာ၊နှစ်စဉ်ဆက်တိုက် အလွဲသုံးစားမှုများတွေ့နေရသည့်အကြောင်း လွှတ်တော်ကို အစီရင်ခံထားသည်။
ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကမူ ရဲတပ်ဖွဲ့အနေဖြင့် အလွဲသုံးစားငွေများပြန်ပေးပြီးဖြစ်၍ တရားစွဲထားခြင်းအား အမှုပိတ်ရန် တရားရုံးသို့ တင်ပြခြင်းမဖြစ်သင့်ဟု သဘောထားမှတ်ချက်ပေးကာ၊ဟိုပန်ခရိုင်ရဲရုံးနှင့် စပ်လျဉ်းပြီး ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်းကိစ္စကို အမြန်ဆုံးဆောင်ရွက်ရန်နှင့် အလွဲသုံးစားပြုမှုတွင် ကြီးကြပ်ရန်တာဝန်ရှိသူများ၏ တာဝန်ရှိမှုကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်လည်း သဘောထားမှတ်ချက်ပေးထားကြောင်းသိရသည်။
Image may contain: sky and outdoor
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List