Friday, September 11, 2015

ရခိုင်တွင် ရေဘေးကြောင့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု နည်း


ရခိုင်ပြည်နယ်အတွင်း ရခိုင်အမျိုးသားပါတီတခုလောက်ပဲ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေပြီး ဒေသခံလူထုကတော့ ရေဘေးကြောင့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းနေသေးတယ်လို့ ပါတီကိုယ်စား လှယ်လောင်းတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်အရွေးခံမယ့် ဦးဖေသန်းက ပြည်နယ်အတွင်း ပါတီစည်းရုံးရေး လုပ်ဆောင်နေပုံကို အခုလို ပြောပြပါတယ်။

“စစ်တွေမြို့မှာတော့ ကားတွေနဲ့ လှည့်တာတို့၊ အခမ်းအနားလုပ်တာတို့ ရှိတာပေါ့။ ကျနော်တို့ နယ်မှာတော့ အဲ့လောက်ကြီး တဘက်နဲ့တဘက် အပြိုင်အဆိုင်လုပ်တာ မရှိပါဘူး၊ နယ်တွေကို စည်းရုံးရေး စစ်ကြောင်းက တော့ သွားနေတာပေါ့၊ ကျနော်တို့ ရခိုင်အမျိုးသားပါတီကပဲ အဓိက လုပ်တာပါ။ ဦးဥတ္တမ နေ့တုန်းကလည်း ကျနော်တို့ ပါတီကပဲ လုပ်တာပါ။”

ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ် အပါအ၀င် ပြည်နယ်၊ တိုင်းတချို့မှာ ကိုယ်စားလှယ်လောင်း ၇၇ ယောက် ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဦးလှစောကတော့ ပါတီအ နေနဲ့ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ရင်းနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ရှိတဲ့အကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ရခိုင်အမျိုးသားပါတီ အားကောင်းတဲ့ဒေသက မြောက်ဦး ခရိုင် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“အေအန်ပီ အဓိက အားကောင်းတာကတော့ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးခရိုင်ပေါ့လေ၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ အဲ့ဒါပါ။”

ရခိုင်ပြည်နယ်အတွင်း စစ်တွေခရိုင်၊ မြောက်ဦးခရိုင်နဲ့ ဘူးသီးတောင်၊ မောင်တောတို့ဘက်မှာ ရခိုင်အမျိုး သားပါတီရဲ့ အဓိက ပြိုင်ဘက်က အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူနဲ့ သံတွဲခရိုင်တို့ဘက်မှာတော့ အန်အယ်လ်ဒီပါတီ အားကောင်းပြီး အဲ့ဒီဒေသဘက်မှာ အန်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုးနဲ့ ရခိုင်အမျိုးသားပါတီတို့ ၃ ပွင့်ဆိုင် အကြိတ်အနယ်ယှဉ်ပြိုင် ကြဖို့ ရှိပါတယ်။

အေအန်ပီပါတီက ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးအေးသာအောင်က မြေပုံ-မင်းပြား အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၆ က ၀င်ပြိုင်မှာဖြစ်ပြီး ဒေါက်တာအေးမောင်ကတော့ မာန်အောင် ပြည်နယ်လွှတ်တော် အမတ်နေရာက ၀င်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ၄၅ ယောက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၃၅ ယောက် အရွေးခံခဲ့ရပါတယ်။

ဒီတကြိမ် ရွေးကောက်ပွဲမှာလည်း အနည်းဆုံး အမတ်နေရာ ၅၀ ထက်မနည်း အနိုင်ရဖို့ မျှော်လင့်ထားပါ တယ်။

DVB

No comments:

Post a Comment

My Blog List