Tuesday, September 08, 2015

တပ်မတော်မှ ဆရာဝန်များ အရပ်ဘက်ပြောင်းရန် အခွင့်အလမ်းနည်းပါး သွား၊ အစိုးရသစ်လက်ထက်တွင် ပထမဦးဆုံးအဖြစ် ဆေးပညာဘွဲ့ရ ဆရာဝန်နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရဆရာဝန် (အမျိုးသမီး) များကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က တရားဝင်စတင်ခေါ်ယူ


အစိုးရသစ်လက်ထက်တွင် ပထမဦးဆုံးအဖြစ် ဆေးပညာဘွဲ့ရ ဆရာဝန်နှင့် သွားဘက်ဆိုင်ရာ ဆေးပညာ ဘွဲ့ရဆရာဝန် (အမျိုးသမီး) များကို စစ်ရာထူး ခန့်ချုပ်ရုံး၊ ကာကွယ်ရေးဦးစီးဌာနချုပ်ရုံး(ကြည်း)က နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့် စက်တင်ဘာ ၇ ရက်က တရားဝင်စတင်ခေါ်ယူခဲ့ကြောင်း သိရ သည်။

လျှောက်ထားသူများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ အမျိုးသမီး (အပျို )၊၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အသက် ၃၀ နှစ်ထက်မကြီးရ၊ အနည်းဆုံးအရပ် ၅ ပေ၊ ၃ လက်မနှင့် ကိုယ်အလေးချိန်ပေါင် ၁၀၀ ထက်မနည်းရ၊ ပေါင် ၁၃၀ ထက်မကျော်ရ၊ M.B.B.S သို့မဟုတ် B.D.S ဘွဲ့ရရှိပြီးသူ၊ ဘွဲ့လက်မှတ်(မူရင်း)အားတင်ပြနိုင်ရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာတက္ကသိုလ် Grading Certificate အမှတ်စာရင်းပါရှိရမည်ဖြစ်ပြီး မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ပါရှိရမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

“အရင်ခေတ်ကတည်းက အင်ဂျင်နီယာတွေ၊ ဘွဲ့ရ၊ ဆရာဝန်တွေကို ဗိုလ်လောင်းအနေနဲ့ ခေါ်ခဲ့ဖူးတယ်။  အဲဒီသူတွေက စစ်မြေပြင်နဲ့ စစ်ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ရတယ်။ အခုက အမျိုးသမီးဆရာဝန် တွေကို ခေါ်တယ်ဆိုတော့ သူတို့ကိုလည်း စစ်သမီးအနေနဲ့ ဖြစ်စေချင်လို့ခေါ်တာလို့ပဲ မြင်ပါတယ်။ သူတို့ ရဲ့ စစ်တပ်ထဲမှာ အမျိုးသမီးစစ်ဗိုလ်တွေ ရှိစေချင်လို့ အင်ဂျင်နီယာတွေအပြင် ရိုးရိုးဘွဲ့ရတွေလည်း ခေါ်တယ်။ အခုလည်း ဆရာဝန်စစ်သမီးတွေရှိစေချင် လို့ ခေါ်တယ်လို့ထင်ပါတယ်။ တပ်မတော်ရဲ့ ပြန်တမ်းဝင်အရာရှိတိုင်းကတော့ ဗိုလ်လောင်းအဆင့်နဲ့ပဲ စရတာပါ။ တပ်မတော်ထဲကို ဘယ်ဘွဲ့ရပဲ ဖြစ် ဖြစ် သွားချင်ရင်တော့ အဲဒီကပဲစရမှာပဲ။ ရာထူးအနေနဲ့ရော၊ လစာအနေနဲ့ရော စစ်ဘက်ကအရပ်ဘက် ထက်စာရင် အားသာချက်တချို့ရှိတဲ့အတွက် အမျိုးသမီးတွေ အနေနဲ့ဆိုရင် စဉ်းစားလို့ရပါတယ်” ဟု ဆေးပညာဆောင်း ပါးများရေးသားသည့် အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ မြင့်ဦးက ပြောပြ သည်။

အဆိုပါ ကြေညာချက်တွင် တပ်မတော် မှ လေ့ကျင့်သင်ကြားမှု စနစ် အတိုင်းလိုက်နာဆောင်ရွက်နိုင်သူ ဖြစ်ရမည်ဟုပါရှိသည့်အတွက် အခြေခံ စစ်ပညာသင်တန်းကို အနည်းဆုံး သင်ကြားရမည်ဖြစ်ကြောင်း နှင့် အဆိုပါ သင်တန်းများမှာ အနည်းဆုံး ခြောက်လမှ တစ်နှစ်ဝန်းကျင်ခန့် ကြာမြင့် လေ့ရှိကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ  သိရသည်။

“အရင်တုန်းက ဒီလိုမျိုးတရားဝင်ခေါ်တာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ တချို့စေတနာ့ ၀န်ထမ်းအနေနဲ့ ၀င်တဲ့သူတွေ၊ စစ်ဘက်နဲ့ ဆက်နွှယ်ပြီး ၀င်သွားတဲ့သူတွေတော့ ရှိခဲ့ဖူးတယ်။ အဲဒါတောင် လိုအပ်ချက် အရပဲ ခေါ်တာ လူတိုင်းကိုလက်မခံပါဘူး။ အဲဒါက အရင်စစ်ဆေးတက္ကသိုလ် သီးသန့်မရှိခင်တုန်းက ခေါ်တာ။ အခုက ဘာအတွက်ခေါ်တာလဲတော့ သေချာမသိပါဘူး။ ကျွန်မတို့ ခေတ်တုန်းကတော့ မိန်းကလေးတွေမခေါ်ပဲ ယောက်ျားလေးတွေချည်း လိုအပ်သလောက် ခေါ်သွားတာတွေရှိပါတယ်” ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ မီမီကိုက ပြောကြားခဲ့သည်။

ထို့ပြင် စစ်ဘက်မှယခုကဲ့သို့ အမျိုးသမီး ဆရာဝန်များအား ခေါ်ယူမှုနှင့် ပတ်သက်၍ ဆေးပညာလောက တွင် ဝေဖန်မှုတချို့ ရှိနေပြီး စစ်ဘက်ဆိုင် ရာအရာရှိများ ကျန်းမာရေးဌာနများသို့ ပြောင်းရွှေ့မှုကိစ္စနှင့် ပတ်သက် ဆက်နွှယ်မှုရှိနိုင်ကြောင်း၊ ကျန်းမာရေးနှင့် စစ်ဘက်ဆိုင်ရာဌာနများတွင် လူဦးရေလိုအပ်ချက် အရဟုဆိုကာ ဌာနတစ်ခုနှင့်တစ်ခုအကြား ဖွဲ့စည်းပုံ များတွင် ပေါင်းစပ်လာသည့်ပုံစံမျိုး ဖော်ဆောင်ထား ခြင်းဖြစ်ပြီး တပ်မတော်ဘက်မှ အရပ်ဘက်ဝန်ထမ်းများကို လက်ခံပေးသည့်အတွက် အရပ်ဘက်ဌာနသို့ တပ်မတော်ဘက်မှလာလျှင်လည်း လက်ခံပေးရမည့်အနေအထားမျိုးရှိနေကြောင်း ဆေးပညာနယ်ပယ်ရှိ ဆရာဝန်များက သုံးသပ် ပြောကြား ခဲ့သည်။

အစိုးရသစ်လက်ထက်၊ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလအတွင်းကလည်း ဘွဲ့ရ အမျိုးသမီးဗိုလ်လောင်း များကို စစ်ရာထူးခန့်ချုပ်ရုံးမှ တရားဝင်ခေါ် ယူခဲ့ပြီး ၀ိဇ္ဇာ/သိပ္ပံဘွဲ့ရ များသာမက မဟာဘွဲ့၊ ပါရဂူ ဘွဲ့ ရထားသူများ အထိခေါ်ယူမှုများရှိခဲ့ကြောင်း၊ လျှောက်လွှာခေါ်ယူရာတွင် ဗိုလ်လောင်း သင်တန်းတက် ရောက် အောင်မြင်ပြီးပါက ဒုတိယဗိုလ်အဆင့်ဖြင့် စတင်ခန့် အပ်ခြင်း ခံရမည်ဖြစ်ပြီး မဟာဘွဲ့၊ ပါရဂူဘွဲ့ ရရှိထားသူများသည် ဗိုလ်အဆင့် ဖြင့် စတင်ခန့်အပ်ခြင်းခံရမည်ဖြစ်ကြောင်း လျှောက်လွှာခေါ်ယူရာတွင် ရေးသားဖော်ပြခဲ့သည်။

သို့ပါ၍ အရပ်ဘက်ဆရာဝန်များအား ယခုကဲ့တပ်မတော်တွင်  တာဝန်ထမ်း ဆောင်ရန် စတင်ခေါ်ယူ ခဲ့ခြင်းကြောင့် တပ်မတော်မှ ဆေးဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်နေသူများအနေဖြင့် အရပ်ဘက်သို့ ကူးပြောင်းရန်  အခွင့်အလမ်းနည်းပါးသွားကြောင်း  သုံးသပ်မှုများရှိနေသည်။

Eleven Media Group

No comments:

Post a Comment

My Blog List