Friday, September 11, 2015

လွိုင်လင်မြို့ မိုင်းပွန်အနီးတွင် တပ်မတော်နှင့် ရှမ်းလက်နက်ကိုင်တို့ တိုက်ပွဲ ဖြစ်ပွား နေခြင်းကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် လွတ်လပ်သန့်ရှင်းသော ရွေးကောက်ပွဲ ဖြစ်ပေါ်လာစေရေး အထူးပင် စိုးရိမ်မိကြောင်း ကျားခေါင်း ပါတီ ပြောကြား


ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့ မိုင်းပွန်အရှေ့ဘက် ဆမ်းပူကျေးရွာ အနီးတစ်ဝိုက်တွင် မြန်မာ့တပ်မ တော်နှင့် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား လျက်ရှိကြောင်း၊ စက်တင်ဘာ ၇ ရက်နှင့် ၈ ရက်များတွင် မိုင်းပွန်မြို့ အထွက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်စလုံးတွင် အကျအဆုံးများ ရှိခဲ့ကြောင်း သတင်းရရှိသည်။ 

ထိုသို့ တိုက်ပွဲများ ဖြစ်နေခြင်းကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် လွတ်လပ်သန့်ရှင်းသော ရွေးကောက်ပွဲ ဖြစ်ပေါ်လာစေရေးအတွက် အထူးပင် စိုးရိမ်မိကြောင်း ကျားခေါင်းပါတီ တွဲဖက်အတွင်းရေး မှူး ဦးစိုင်းလိတ်က ပြောကြားသည်။

ရှမ်းတောင်ပိုင်းရှိ RCSS ရှမ်းလက်နက် ကိုင်တပ်ဖွဲ့နှင့် ရလခ လက်အောက်ရှိ ခလရ (၁၂) မှ နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်ထိပ်တိုက် ဆုံတွေ့ခဲ့ကြပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။ နှစ်ရက်စလုံးတွင် တပ်မတော်ဘက်မှ စစ်သည်သုံးဦးစီ စုစုပေါင်း ခြောက်ဦးကျဆုံးပြီး စက်တင်ဘာ ၇ ရက်တွင် အရာရှိ တစ်ဦးပါဝင်ကြောင်း ပင်လုံမြို့တွင် ရောက်ရှိနေသာ ကျားခေါင်း ပါတီမှ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

တိုက်ပွဲကြောင့် ကတ္တရာပုံးများ တင်ဆောင်ထားသော ကားများစွာ မသွားရဲဘဲ လွိုင်လင်မြို့တွင် ပိတ်မိနေကြောင်း သတင်းရရှိသည်။ RCSS တပ်ဖွဲ့သည် NCA ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးရာတွင် ပါဝင်မည်ဟု ကြေညာချက် ထုတ်ပြန်ထားပြီးသားဖြစ်ပြီး ထိုကဲ့သို့ တိုက်ပွဲများ ဖြစ်နေခြင်း သည် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး နေခြင်းကို ပျက်ပြားစေနိုင်ကြောင်း၊ ထိုတိုက်ပွဲသည် ရိုးရိုးသားသား ဖြစ်စဉ်တစ်ခုလော သို့တည်းမဟုတ် ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်ခြင်းလော ဆိုသည်ကို သံသယများစွာ ဖြစ်မိကြောင်း ကျားခေါင်းပါတီမှ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။ “အရေးကြီးတာက ကျွန်တော် SNLD ပါတီက Voter Education လုပ်နေတဲ့ မြို့နယ်မှာမှ ဒီလိုတိုက်ပွဲတွေ လာရွေးပြီး ဖြစ်ရတယ်ဆိုတော့ ဒါဟာ မတော်တဆ တိုက်ဆိုင်မှုလားဆိုတာ သံသယ ဖြစ်ပါတယ်။ လွတ်လပ်စွာ မဲဆွယ်စည်းရုံး ရေးကိုလည်း အများကြီး ထိခိုက်စေနိုင်တယ်။ ဒါကြောင့်မို့ ဒီလို ဖြစ်တဲ့အပေါ်မှာ ကျွန်တော်တို့က လုံးဝ မလိုလားဘူး။ လုံးဝမဖြစ်သင့်ဘူးလို့ ယူဆပါတယ်။ ရိုးရိုးသားသား ဖြစ်စဉ်တစ်ခုလို့ မထင်ဘူးပေါ့နော်။ ဒါဟာရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ပဲ သံသယ ဖြစ်မိပါတယ်” ဟု ကျားခေါင်းပါတီမှ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

ကျားခေါင်းပါတီသည် လွိုင်လင်ခရိုင် ပင်လုံမြို့ရှိ ရှမ်းပိဋကတ်ကျောင်းတွင် စက်တင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း များ တွေ့ဆုံပွဲနှင့် စည်းရုံးရေးအတွက် မဲဆွယ်စည်းရုံး နည်းများကို သင်တန်းပေးနေခြင်းလည်း ဖြစ်သည်။ ထိုပွဲသို့ ကိုယ်စားလှယ်များနှင့် ပါတီဝင်ပေါင်း ၁၀၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး တစ်ရက်ထပ်တိုးကာ လေးရက် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁၁ ရက်တွင် ဥပဒေပညာရှင် ဦးကိုနီဖြင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များ အတွက် လွှတ်တော်နှင့် မဲဆန္ဒနယ် စည်းရုံးခြင်းဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ ဆောင်ရန်၊ ရှောင်ရန်များကို သင်တန်းပေး သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Eleven Media Group

No comments:

Post a Comment

My Blog List