Thursday, September 10, 2015

အယ်လီဇဘက် ဘုရင်မသည် ဗြိတိန်နိုင်ငံ၏ နန်းစံသက် အရှည်ဆုံး ဧကရာဇ်ဖြစ်


ဒုတိယကမ္ဘာစစ်အပြီး ဗြိတိန်နိုင်ငံ၌ အသက် ၂၅ နှစ် အရွယ်တွင် ထီးနန်းဆက်ခံခဲ့သူ အယ်လီဇဘက် ဘုရင်မသည် ဗုဒ္ဓဟူးနေ့တွင် နန်းစံသက် အရှည်ဆုံး ဧကရာဇ်အဖြစ် သမိုင်းဝင်သွားပြီဟု Reuters သတင်းတွင် ဖော်ပြထားသည်။

အသက် ၈၉ နှစ်ရှိ အယ်လီဇဘက်သည် သူမ၏ ဘွားအေကြီး ဗစ်တိုးရီးယားဘုရင်မ၏ နန်းစံသက် ၆၃ နှစ် ၇ လ ၂ ရက်ကို ကျော်ဖြတ်သွားသည့်အပြင် ဗြိတိန်၏ အသက်အရှည်ဆုံး ဧကရာဇ်လည်း ဖြစ်သည်ဟု သိရှိရသည်။

ဘုရင်မကြီးထံ သွားရောက်ဂါရဝပြုသူ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက “ပြီးခဲ့တဲ့ ၆၃ နှစ် တစ်လျှောက် အပြောင်းအလဲများတဲ့ ကမ္ဘာကြီးမှာ ဘုရင်မကြီးဟာ တည်ငြိမ်တဲ့ ကျောက်ဆောင်တစ်ခု ဖြစ်ခဲ့သလို သူမရဲ့ ကိုယ်ကျိုးမဖက် တာဝန်ထမ်းရွက်မှုတွေကို ဗြိတိန်မှာသာမကဘဲ တစ်ကမ္ဘာလုံးကပါ လေးစားခဲ့ကြပါတယ်။ ဒီနေ့ကတော့ ဘုရင်မကြီးရဲ့ သူမတူတဲ့ ဂုဏ်သိက္ခာနဲ့ မှတ်တမ်းတွေကို ကျွန်တော်တို့ ဂုဏ်ပြုကြမှာပါ” ဟု ပြောကြားသည်။

ဘုရင်မကြီးသည် စိတ်လှုပ်ရှားနေပုံရပြီး ကာလများစွာ နေထိုင်ဖြတ်သန်းခဲ့သည်ဟူသော အချက်ထက် အနည်းငယ် ပိုပုံရသည်ဟု အနီးကပ် အသိုင်းအဝိုင်းက ဆိုသည်။

ဘုရင်မကြီးသည် အခမ်းအနား ကျင်းပရန် မူလက အစီအစဉ် မရှိသော်လည်း အများဆန္ဒကို အလေးထား ကာ နွေဥတုတွင် အနားယူလေ့ရှိသော စကော့တလန်တွင် တရားဝင်ဧည့်ခံပွဲ ပြုလုပ်လိမ့်မည်ဟု သိရှိရ သည်။

သူမသည် ကြင်ရာတော်ဖိလစ် မင်းသားကြီးနှင့်အတူ ဗြိတိန်၏ အရှည်ဆုံး ရထားလမ်းဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် ရေနွေးငွေ့ မီးရထားဖြင့် ခရီးထွက်မည် ဖြစ်သည်။

ထို့ပြင် ရှားရှားပါးပါး လူထုကို နှုတ်ခွန်းဆက်စကား ဆိုဖွယ်ရှိသည်ဟုလည်း ဘက်ကင်ဟန်နန်းတော် ပြော ရေး ဆိုခွင့်ရှိသူ အမျိုးသမီးက ပြောကြားသည်။

၁၉၃၆ ခုနှစ်တွင် အမေရိကန် တစ်ခုလပ်အမျိုးသမီး ဝေါလစ်ဆင်မ်ဆန်နှင့် လက်ထပ်သွားသော အစ်ကို ဖြစ်သူ အက်ဒွပ်မင်းသားထံမှ အိမ်ရှေ့စံသရဖူကို ဖခင်ဂျော့ခ်ျဘုရင်က ပြန်လည်သိမ်းယူစဉ်က ငယ်ရွယ် သေးသူ အယ်လီဇဘက်သည် ဘုရင်ဖြစ်ရန် မမျှော်လင့်ခဲ့ပေ။

သို့ရာတွင် ၁၉၅၂ ခုနှစ်တွင် ဖခင်ဂျော့ခ်ျဘုရင် ကွယ်လွန်သွားသောအခါ အယ်လီဇဘက်သည် အသက် ၂၅ နှစ် အရွယ်ဖြင့် ထီးနန်းဆက်ခံခဲ့ရပြီး အေဒီ ၁၀၆၆ ခုနှစ်က စတင်ခဲ့သော ဗြိတိန်နန်းဆက်တွင် ၄၀ ဦးမြောက် ဧကရာဇ် ဖြစ်လာခဲ့သည်။

သူမ သရဖူဆောင်းသော နှစ်တွင် ဗြိတိန်က အဏုမြူဗုံးလက်ဝယ် ရှိကြောင်း ကြေညာခဲ့ပြီး ဆိုဗီယက် ယူနီယံကို ဂျိုးဖက်စတာလင်က ဦးဆောင်လျက်ရှိကာ အာရှတွင် ကိုရီးယားစစ်ပွဲ ဖြစ်ပွားခဲ့သည်။

သူမ၏ နန်းစံကာလ တစ်လျှောက်တွင် ဝင်စတန်ချာချီမှ စတင်သော ဗြိတိန်ဝန်ကြီးချုပ် ၁၂ ဦးကို ကြုံဆုံခဲ့ သကဲ့သို့ ဟာရီထရူးမန်းမှ ဘားရက်အိုဘားမားအထိ အမေရိကန်သမ္မတ ၁၂ ဦးကိုလည်း တွေ့ကြုံခဲ့ရသည်။

Sunday Times သတင်းစာ၏ ယခုတစ်ပတ် စစ်တမ်းအရ အယ်လီဇဘက်သည် နန်းသက်အရှည်ဆုံး ဖြစ်ရုံမျှမက ၁၉ ရာစု နေမဝင်အင်ပါယာခေတ်က ဘုရင်မ အယ်လီဇဘက် ၁ နှင့် ဗစ်တိုးရီးယားတို့ထက်ပင် ပိုမိုကြီးမြတ်သည်ဟု ယူဆခံရကြောင်း သိရှိရသည်။

သို့သော် သူမအား လူတိုင်းက ချီးမွမ်းနေခြင်းတော့ မဟုတ်ပေ။ နိုင်ငံရေးကိစ္စရပ်များတွင် နှုတ်ဆိတ်နေခြင်း သည် သူမ၏ အညက်ညောဆုံး အောင်မြင်မှုဟု ရီပတ်ဗလစ်ကန်များက ဝေဖန်ခဲ့ကြပြီး နာမည်ကျော် ဗြိတိသျှသမိုင်းပညာရှင် ဒေးဗစ်စတာကီကလည်း ဘုရင်မ အယ်လီဇဘက်သည် သူမ၏ သက်တမ်းတွင် အမှတ်ရစရာ တစ်စုံတစ်ခုကိုမှ ပြောဆိုခဲ့ခြင်း၊ ပြုလုပ်ခဲ့ခြင်း မရှိဟု Radio Times Magazine တွင် ရေး သားခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List