Thursday, September 10, 2015

ပင်လယ်ဓားပြများ၏ သိမ်းပိုက်မှုခံရသည်ဟု ယူဆရသည့် သင်္ဘောတစ်စီးကို မလေးရှား ကမ်းခြေစောင့်တပ် ရှာဖွေနေ


မလေးရှား အာဏာပိုင်များသည် တစ်ပတ်ကြာမျှ ပျောက်ကွယ်နေသည့် ကုန်တင် သင်္ဘော တစ်စီးကို ဖြန့် ကျက် ရှာဖွေလျက် ရှိနေကြောင်း သတင်း ရရှိသည်။ MV Sah Lian သင်္ဘောသည် စက်တင်ဘာ ၃ ရက်က ကုမ္ပဏီနှင့် နောက်ဆုံး အဆက်အသွယ် ပြုလုပ်ခဲ့ပြီးနောက် ပျောက်ကွယ်နေခဲ့ပြီး ပင်လယ်ဓားပြ များ၏ အပိုင်စီး သိမ်းပိုက်မှု ခံထားရသည်ဟု ယူဆရသည်။ 

မလေးရှားတွင် မှတ်ပုံတင်ထားသည့် သင်္ဘောသည် သံထည်ပစ္စည်းများ၊ ပိုက်ဆက်ပစ္စည်းများ၊ စား သောက်ကုန်ပစ္စည်းများကို တင်ဆောင်ကာ မလေးရှား ကမ်းရိုးတန်း အတိုင်း ကူချင်းမှ လင်ဘမ်းမြို့သို့ ခုတ်မောင်းရင်း မလေးရှားပိုင်နက် ရေပြင်တွင် ပျောက်ဆုံးသွားခြင်းဟု သိရသည်။

မလေးရှား အာဏာပိုင်များက သင်္ဘောပေါ်တွင် မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာနှင့် အိန္ဒိယ နိုင်ငံသားများ အပါအဝင် အမှုထမ်း ၁၄ ဦး လိုက်ပါသွား ကြောင်း ပြောကြားခဲ့သည်။ မလေးရှား ကမ်းခြေစောင့် တပ်ဖွဲ့ အကြီးအကဲ သေနာပတိ အစ္စမိုင်လီ ဘူဂျန်ပစ်တ်က “ကျွန်တော်တို့ ယူဆထားတာ ကတော့ သင်္ဘောက ကြားဖြတ် အပိုင်စီးခံရပြီး မလေးရှားပိုင်နက် ရေပြင်ကနေ ထွက်ခွာသွားတာ ဖြစ်နိုင်ပါတယ်။ 

အခုလောက်ဆို နာတူနာ ကျွန်းတွေနားက အင်ဒိုနီးရှား ရေပိုင်နက်ထဲလောက် ရောက်နေပြီလို့ ထင်ပါ တယ်”ဟု ပြောကြားခဲ့သည်။

နာတူနာ ကျွန်းစုသည် တောင်တရုတ်ပင်လယ်အတွင်း မလေးရှား ကမ်းရိုးတန်းနှင့် ဘော်နီယို ကျွန်းစုတို့ အကြားတွင် တည်ရှိသည်။ အစ္စမိုင်လီက မလေးရှား ရေကြောင်း ဥပဒေ စိုးမိုးရေး ရေယာဉ် ၃ စီးသည် ပျောက်ဆုံးနေသည့် ကုန်တင်သင်္ဘောကို လိုက်လံရှာဖွေနေကြောင်း အတည်ပြုခဲ့သည်။ ထို့အပြင် ထိုင်းနှင့် ဗီယက်နမ်တို့ကိုလည်း သင်္ဘောကို ကူညီရှာဖွေပေးရန် အကူအညီ တောင်းခံထားကြောင်း ၎င်းက ဆိုသည်။

လန်ဒန်အခြေစိုက် နိုင်ငံတကာ ရေကြောင်းဗြူရိုက အရှေ့တောင်အာရှ ဒေသသည် ယခုအခါ ကမ္ဘာပေါ် တွင် ပင်လယ်ဓားပြ လှုပ်ရှားမှု အထူပြောဆုံး ရေပြင်ရပ်ဝန်းတစ်ခု ဖြစ်လာကြောင်း သတိပေးထားသည်။ အဆိုပါ အခြေအနေကို ထိန်းချုပ်နိုင်ရန် ဒေသတွင်း နိုင်ငံအစိုးရများ အနေဖြင့် ပိုမိုအားထည့် ဆောင်ရွက် သင့်ကြောင်းလည်း ဗြူရိုက တိုက်တွန်းထားသည်။

သို့သော်လည်း ယခုပျောက်ဆုံးနေသည့် မလေးရှား ရေယာဉ် ဖြစ်ရပ်သည် ယခင်က ကြုံခဲ့သည့် ပင်လယ် ဓားပြမှုများနှင့် ကွဲပြားလျက် ရှိသည်။ ပုံမှန်အားဖြင့် အရှေ့တောင်အာရှ ဒေသတွင် သောင်းကျန်းနေသည့် ပင်လယ်ဓားပြများသည် ကမ်းခြေနှင့်အပြိုင် ခုတ်မောင်းသည့် ကုန်တင်သင်္ဘောများကို တိုက်ခိုက်ခဲ့ပါက လောင်စာဆီနှင့် အခြား တန်ဖိုးရှိသည့် ကုန်စည်များကို ယူငင်ကာ သင်္ဘောနှင့် အမှုထမ်းများကို ပြန်လွှတ် ပေးလေ့ ရှိကြောင်းလည်း သိရသည်။

Ref: CNA
7Day News Journal

No comments:

Post a Comment

My Blog List