Friday, September 11, 2015

ကယားတွင် အမတ်လောင်းအချို့ စည်းရုံးရေး ဖိလုပ်နေသည့်အကွက် ကြိုမြင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


မဲဆန္ဒနယ် ဧရိယာကျဉ်းသဖြင့် ကယားပြည်နယ်တွင် အမတ်လောင်းအချို့ စည်းရုံးရေး ဖိလုပ်နေသည့် အကွက်ကို ကြိုမြင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။

“ကယားပြည်နယ်မှာ ဝင်ရွေးတဲ့ ကိုယ်စားလှယ်လောင်းတွေက အင်မတန်ကို များပြားပါတယ်။ အဲ့ဒါက ဘာဖြစ်လို့လဲဆိုတော့ ကယားပြည်နယ်မှာဆိုရင် ကိုယ်စားလှယ်လောင်း တော်တော်များများကို နေရာ နည်းနည်း ဧရိယာနည်းနည်းနဲ့ ရွေးနိုင်တယ်ဆိုတော့ ကယားကို ဖိပြီး စည်းရုံးရေးတွေ လုပ်နေကြပါတယ်။ အဲ့ဒီအကွက်ကိုလည်း ကျွန်မတို့ သိပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပါတီအချို့က ဗဟိုအစိုးရ ဖွဲ့နိုင်ရေးအတွက် ကယားပြည်နယ်ကို အဓိကထားပြီး စည်းရုံးနေကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ စက်တင်ဘာလ ၁၀ ရက်နေ့က ကယားပြည်နယ် ဒီမောဆိုးမြို့ရှိ တိုင်းရင်းသားပြည်သူများအား ရွှေးကောက်ဆိုင်ရာ အောင်နိုင်ရေး မိန့်ခွန်းဟောပြောရာ၌ ယင်းကဲ့သို့ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ပြည်ထောင်စုဝန်ကြီး နှစ်ဦးဖြစ်သော ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့သည် ကယားပြည်နယ် ဘော်လခဲနှင့် ရှားတောမြို့တို့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် တစ်သီးပုဂ္ဂလ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

ယခုအချိန်ကာလသည် ပါတီတိုင်း ကိုယ်စားလှယ်တိုင်း မိမိတို့၏ မူဝါဒများအား ချပြပြီး ပြည်သူများ၏ ထောက်ခံမှုကို တောင်းခံမည့်ကာလ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောဆိုသည်။

ပြည်သူလူထုအနေနှင့် နိုင်ငံတော်ကို ဦးဆောင်မည့် ဗဟိုအစိုးရကို ရွေးချယ်ရမည့် အတွက်ကြောင့် နိုင်ငံ၏ အချိုးအကွေ့တစ်ခု ဖြစ်သည့်အတွက် သေချာစွာ ရွေးချယ်ကြရန် ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကယားပြည်နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဒီမောဆိုး၊ ဖရူးဆိုး၊ ဘော်လခဲမြို့များတွင် မဲဆွယ်စည်းရုံး ခဲ့သည်။

စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဖားဆောင်းနှင့် လွိုင်ကော်မြို့များသို့ ဆက်လက်သွားရောက်မည် ဖြစ်ကာ စက်တင်ဘာလ ၁၂ ရက်နေ့တွင် မယ်စဲမြို့နှင့် ရှားတောမြို့များသို့ သွားရောက်ဟောပြောမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List