Saturday, September 12, 2015

ဦးရွှေမန်း ဖြူးမှာ မဲဆွယ်စည်းရုံး


၂၀၁၅ရွေးကောက်ပွဲအတွက် တရားဝင်မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ (၈)နေ့က စတင်ခဲ့ပြီးနောက် အာဏာရပါတီနဲ့ အတိုက်အခံပါတီကြီးတွေရဲ့ ထိတ်ပိုင်းခေါင်းဆောင်တွေဟာ သက်ဆိုင်ရာ နယ်မြေတွေ မှာ အပြိုင်အဆိုင် စည်းရုံးနေကြပါပြီ။ သြဂုတ်လက ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီဥက္ကရာထူးကနေ ဖယ်ရှားခံလိုက်ရ တဲ့ သူရဦးရွှေမန်းဟာ သူရင်ဆိုင်ခဲ့ရ တဲ့ဖြစ်ရပ်ကြောင့်  ဒေသခံတွေရဲ့စာနာထောက်ခံမှုတွေပိုပြီးရခဲ့ တယ် လို့ မနေ့ကစတင်တဲ့ ဖြူးမြို့နယ်စည်းရုံးရေးခရီးစဉ်မှာ ပြောသွားပါတယ်။ 

အာဏာရ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ ဥက္ကဌ ရာထူးကနေ ဖယ်ရှားခံလိုက်ရပေမဲ့ ဗဟိုကော်မတီဝင်အဖြစ် ရှိနေတဲ့ သူရဦးရွှေမန်းဟာ သူရဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေဖြစ်တဲ့ဖြူးမြို့နယ်မှာ (၄)ရက်ကြာ စည်းရုံးရေး ခရီးစဉ်ကို မနေ့က စတင်လိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ သူရဦးရွှေမန်းက ဒေသခံတွေကို အခုလိုပြော သွားပါတယ်။

“ဒီ သြဂုတ်လအတွင်းမှာ ဖြစ်ခဲ့တဲ့အခြေအနေတွေကို မှုတည်ပြီးတော့ ကျနော့်ကို စေတနာမေတ္တာတွေ ရှိပြီးတော့ ဒီကာလလေးမှာတော့ ဒေသခံတွေကို မျက်နှာပြပေးပါ။ ကျနော့်ကို တွေ့ချင်တယ် မြင်ချင်တယ် ကျနော့်ရဲ့အခြေအနေကိုသိချင်တယ်ဆိုရင်၊ ပြောရမယ်ဆိုရင် ကျန်းမာရေးအခြေအနေတွေရော အခြားအ ခြေ အနေတွေရော ဖြစ်မှာစိုးရိမ်တဲ့ ဒီမြို့နယ်မှာရှိကြတဲ့ လူကြီးမိဘတွေက ကျနော့်ကိုပြောပါတယ်။ ဥက္ကဌ ကြီး ၊ နာယကကြီး ဒေသလေးသွားပြီးတော့ မျက်နှာလေးတော့ ပြပေးပါ။ ဆိုတဲ့အခါမှာ ကျနော့်အနေနဲ့ လူကြီးတွေရဲ့ စေတနာကို နားလည်ပါတယ်။ နောက်ပြီးတော့ ဒေသရဲ့ လိုအပ်ချက်ပါ။ ဟုတ်ကဲ့ပါ၊ ကျနော် သွားပါမယ်။ ကျနော်ပြောမယ်ဆိုရင်တော့ အထူးမဲဆွယ်စရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော့်ရဲ့ စေတနာ ကျနော့်ရဲ့ မေတ္တာ၊ ဒီမြို့နယ်မှာထားတဲ့ ကျနော့်ရဲ့ သစ္စာတရား၊ သံယောဇဉ်တွေ လူတိုင်းမဟုတ် ရင်တောင် တော်တော်များများက သိနေတဲ့အတွက် ကျနော်မဲဆွယ်စရာမလိုပါဘူး။”

ဒါ့အပြင် သူ့အနေနဲ့ ဒေသဖွံဖြိုးရေးကနေ နိုင်ငံဖွံ့ဖြိုးရေးအထိ ကြိုးစားဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

“ကျန်းမာရေးကိစ္စ၊ လမ်းပန်း ဆက်သွယ်ရေးကိစ္စ၊ နောက်ပြီးတဲ့ အခါမှာ စိုက်ပျိုးရေးမွေးမြူရေးကိစ္စတွေ ကြုံတွေ့နေရတဲ့ အခက်အခဲကိစ္စတွေ ပြီးလို့ရှိရင် ကျနော်တို့ ဒီကနေ့ ကျနော်တို့ အများဆုံးလိုအပ်နေတဲ့ လျှက်စစ် တွေကို ရရှိရေးအတွေက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ပါမယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ ကျနော်ခုနတင်ပြသလို ရသူကရ ၊ မရသူကမရ အဲလိုမဖြစ်အောင် မျှမျှတတ ဖြစ်ပေါ်ရေးအတွက် ကြိုးစား ဆောင်ရွက်သွား မှာပါ။”

၂၀၁၅ရွေးကောက်ပွဲအပြီး သမ္မတလောင်းအဖြစ် အဆိုတင်သွင်းခံရမယ့် အမည်စာရင်းထဲမှာ သူရဦးရွှေမန်း ပါနိုင်မယ်လို့ အများက သုံးသပ်ထားကြ တာပါ။ ဒါပေမဲ့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီတွင်း ခေါင်းဆောင်အပြောင်း အလဲဟာ သူရဦးရွှေမန်းအနေနဲ့ သမ္မတ ဖြစ်နိုင်မယ့် အလားအလာကို လျော့နည်း  စေတယ်လို့လည်း  မြန်မာ့အရေးလေ့လာနေသူတွေက မြင်ကြပါတယ်။

လက်ရှိပြည်သူ့လွှတ်တော်ဥက္ကဌလည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော် နာယက လည်းဖြစ်တဲ့ သူရဦးရွှေမန်း ကို မဟာမိတ်အဖြစ် အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည် က ကြေညာထားပေမဲ့ သမ္မတလောင်းအမည်စာရင်း တင်သွင်းတဲ့အခါမှာ NLD ပါတီထဲကပဲဖြစ်မယ် လို့ AFP သတင်းဌာနနဲ့ မကြာသေးခင်က တွေ့ဆုံမေးမြန်းခန်း မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွား ပါတယ်။

သူရဦးရွှေမန်းဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက  နေပြည်တော်  ဇေယျာသီရီမဲဆန္ဒနယ်မြေကနေ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တာဖြစ်ပါ တယ်။

ကြံခိုင်ဖွံဖြိုးရေးပါတီကနေ ၂၀၁၅ ရွေးကောက်ပွဲအတွက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ ၀င်ရောက်ယှဉ် ပြိုင်မယ့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဝေလွင် အပါအ၀င် အခြား တပ်မတော်သား အရာရှိဟောင်းတွေရဲ့ မဲဆွယ်စည်းရုံးတွေလည်း စတင်နေပါပြီ။

ဒီအတောအတွင်းမှာပဲ တသီးပုဂ္ဂလ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအနေနဲ့ ၀င်ရောက်ယှဉ် ပြိုင်မယ့် သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းဟာ သူဝင်ပြိုင်မယ့် ကယားပြည်နယ် ဘော်လခဲမြို့နယ်မှာ ရေတွင်း တူးပေးတာ၊ ဘောလုံးကွင်းစောင့်   ပေးတာ၊ တီဗွီဆလောင်းတွေ ချပေးတာ စတဲ့ဆောင် ရွက်မှုတွေအ တွက် မဲဆွယ်စည်းရုံးတာဖြစ်တယ်ဆိုပြီး နိုင်ငံတကာသတင်း ဌာနတွေက ဝေဖန်ရေးသားခဲ့ကြပါတယ်။

VOA

No comments:

Post a Comment

My Blog List