Wednesday, September 09, 2015

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားမှု ပြန်လည်ရုပ်သိမ်း


NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မဲဆွယ်စည်းရုံးရေး ကာလမတိုင်မီ ကြိုတင်မဲဆွယ်တယ်လို့ ဆိုပြီး ဒက္ခိဏခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံ တိုင်ကြားထားမှုကို ပြန်လည်ရုပ်သိမ်းထားတယ်လို့ အဲ့ဒီခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မဲဆွယ်စည်းရုံးရေး ကာလ မတိုင်မီ မဲဆွယ်ခဲ့တယ်ဆိုပြီး ဒက္ခိဏခရိုင် အတွင်းရှိ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်ခုမှာ တစ်သီးပုဂ္ဂလ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးကျော်ဝင်းက စက်တင်ဘာလ ၇ ရက်နေ့က တိုင်ကြားထားတာ ဖြစ်ပါ တယ်။

ဒီနေ့ (စက်တင်ဘာ ၈ ရက်)မှာ အဲ့ဒီတိုင်ကြားစာကို ပြန်လည်ရုပ်သိမ်းကြောင်း ဦးကျော်ဝင်းက ဒက္ခိဏခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံကို စာရေးသား ပေးပို့လာတယ်လို့ ဦးမြင့်ဦးက ပြောပါတယ်။

ဦးကျော်ဝင်းက သတ်မှတ်ရက်မတိုင်မီ မဲဆွယ်တယ်ဆိုပြီး ကြံ့ခိုင်ရေးပါတီဝင် ကိုယ်စားလှယ်လောင်း တချို့ ကို NLD ပါတီကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းက တိုင်ကြားချက် ဖွင့်ခဲ့တာကြောင့် အပြန်အလှန်အား ဖြင့် NLD ပါတီရဲ့ စည်းရုံး လှုံ့ဆော်မှုတွေကို သဘောရိုးနဲ့ ပြန်လည် ထောက်ပြခြင်းသာဖြစ်တယ်လို့ အဲ့ဒီရုတ်သိမ်းစာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ နစ်နာစေလိုတဲ့ ဆန္ဒမရှိဘဲ အခု မဲဆွယ်စည်းရုံးရေး ကာလကို အနှောင့်အယှက် မဖြစ်စေလိုဘူး လို့လည်း ဖော်ပြထားပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်လောင်းဦးကျော်ဝင်းတို့ဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ သတ်မှတ်ရက်မရောက်မီ ဒက္ခိဏ သီရိမြို့နယ် ရွာသစ်ကျေးရွာမှာရှိတဲ့ စာသင်ကျောင်းမှာ မဲဆွယ်စည်းရုံးခဲ့တာကို NLD ပါတီ ကိုယ်စားလှယ် လောင်း ဦးသန့်ဇင်ထွန်းက ရဲစခန်းကို တိုင်ကြားခဲ့ပေမယ့် ရဲအရေးမပိုင်တဲ့ ကိစ္စဖြစ်နေတာကြောင့် ပယ်ချခဲ့ တယ်လို့ ဒက္ခိဏသီရိမြို့နယ် ရဲစခန်းမှ ဒုရဲမှူး စိုးဝင်းက ပြောပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List