Thursday, September 10, 2015

ဆီးရီးယား ဒုက္ခသည် ၁၂၀၀၀ ကို သြစီလက်ခံမယ်


သြစတြေးလျ အစိုးရက ဆီးရီးယားနဲ့ အီရတ် ဒုက္ခသည် တစ်သောင်းနှစ် ထောင်ကို ခေါ်ယူမှာဖြစ်ပြီး ဒုက္ခသည်တွေကို ကူညီတဲ့ ပရိဟိတအဖွဲ့တွေကို ငွေရေးကြေးရေးအရ ဒေါ်လာ ၄၄ သန်း ကူညီမယ်လို့ သိရပါတယ်။ နှစ်စဉ်ခေါ်ယူနေကြ ဒုက္ခသည် တစ်သောင်း သုံးထောင်ကျော်အပြင် နောက်ထပ် ၁၂၀၀၀ ကို ထပ်မံ လက်ခံမယ့် အစီအစဉ် ဖြစ်ပါတယ်။

ဒုက္ခသည် တစ်သောင်းနှစ်ထောင်ကို ဒီနှစ်အတွင်း ခေါ်မှာလည်း ဒါမှမဟုတ် ဘယ်နှစ်နှစ်အတွင်း ခေါ်ယူမလဲ ဆိုတာတော့ မသိရသေးပါဘူး။



နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့ပ်ကတော့ ၁၉၉၉ ခုနှစ် ကိုဆိုဗို အရေးအခင်းတုန်းက ဒုက္ခသည်တွေကို ခေတ္တခဏ လက်ခံထား တာမျိုး ပြန်လုပ်ဖို့ စဉ်းစားနိုင်တယ်လို့ ပြောဆိုခဲ့ပေမယ့် အခုအခါမှာတော့ အစိုးရက အမြဲတမ်းနေထိုင်ခွင့်ပေးဖို့ကို ပိုပြီး စိတ်ဝင်စား နေတာ ဖြစ်ပါတယ်။



ဒုက္ခသည်တွေကို ခေါ်ယူတဲ့အခါမှာလည်း လူနည်းစု ခရစ်ယာန်တွေကို ဦးစားပေးမယ်လို့ ပြောခဲ့တဲ့အတွက် အတိုက်အခံပါတီတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။



သြစတြေးလျအနေနဲ့ အသားအရောင်နဲ့ ဘာသာရေး ခွဲခြားတဲ့ ပေါ်လစီကို မကျင့်သုံးပဲ လူသားခြင်း စာနာမှုကိုသာ ထောက်ထားဖို့ ပြောဆိုထားတာတွေ လည်း ရှိပါတယ်။



ကမ္ဘာပေါ်မှာ ဒုက္ခသည် အယောက် သန်းပေါင်း ၆၀ နီးပါး ရှိတယ်လို့ သိရပါတယ်။ 



အဲဒါ့အပြင် ဝန်ကြီးချုပ် တိုနီအာဘော့တ်က ဆီးရီးယားနိုင်ငံအတွင်းက IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို သြစတြေးလျက လေတပ်တွေ သွားရောက် တိုက်ခိုက်ဖို့ ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။


ABC

No comments:

Post a Comment

My Blog List