ဒီမိုကရေစီ ပညာရေးအတွက် တောင်းဆိုဆန္ဒပြခဲ့သည့် ဧရာဝတီသပိတ် စစ်ကြောင်းတွင် ပါဝင်ခဲ့သော အသက် ၁၇ နှစ်အရွယ် သပိတ်မှောက်ကျောင်းသူ မချောစုစံမှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို အောင်မြင်ခဲ့ပြီ ဖြစ်သည်။ပုသိမ်မြို့၊ အထက(၁) မှ စာမေးပွဲဖြေဆို အောင်မြင်ခဲ့သော မချောစုစံက စစ်သူနာပြု တစ်ယောက် ဖြစ်လိုသည်ဟု ပြောသည်။
သို့သော် အမှတ်ပေးအရည်အချင်းစစ် ပညာရေးခေတ်တွင် စစ်သူနာပြု တက္ကသိုလ် တက်ခွင့်ရရန် အမှတ်မီ နိုင်မည်မဟုတ်ဟု မချောစုစံက ယူဆသည်။
ဆယ်တန်းစာမေးပွဲ အောင်မြင်ပြီး ဘဝတစ်ဆစ်ချိုး လျှောက်လှမ်းရတော့မည့် မချောစုစံ၏ ရည်မှန်းချက်များ၊ ခံစားချက်များကို သိရှိနိုင်ရန် မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ဒီနေ့ အောင်စာရင်း သွားကြည့်ဖြစ်သေးလား။
ဖြေ။ ။ ဟုတ်ကဲ့။ သွားကြည့် ဖြစ်ပါတယ်။ အောင်ပါတယ်ရှင့်။ ဂုဏ်ထူး မပါပါဘူး။ ရိုးရိုးပဲ။
မေး။ ။ အောင်စာရင်းကို ဘယ်သူတွေနဲ့ သွားကြည့်ကြတာလဲ။
ဖြေ။ ။ ညဦးပိုင်း ခြောက်နာရီလောက်ကနေ ကျူရှင်ကနေပြီးတော့ ထမင်းချက်စားဖို့ လူစုပါတယ်။ ဆရာတွေရယ်၊ သူငယ်ချင်းတွေ အကုန်လုံးရယ်။ ည ၁ နာရီလောက်ကျတော့ ဆရာက သူ (အောင်စာရင်း) ကြည့်ပေးမယ်ဆိုပြီး သမီးကို အိမ်ပြန် ပို့ပေးကြတယ်။ သမီးက အိမ်လည်းရောက်ရော ဘယ်လိုမှ အိပ်လို့ မရဘူး။ ရင်တွေ တအားခုန်ပြီးတော့။ အဲ့ဒါနဲ့ပဲ မေကြီးနဲ့ ဆိုင်ကယ်နဲ့ အပြင်ပြန် ထွက်တာ။ တစ်ညလုံး လုံးဝ မအိပ်ရသေးဘူး။ သွားကြည့်ဖို့လုပ်တော့ ဆရာက “ချောစု သမီးအောင်တယ်” တဲ့ ဆိုတော့ သမီးပျော်သွားတယ်။
မေး။ ။ ဆယ်တန်း အောင်တာကို မိသားစုတွေ၊ အဖေ၊ အမေတွေ အကုန်သိ
ကြပြီလား။
ဖြေ။ ။ အကုန်လုံး သိပြီ။ မေကြီးတို့ကတော့ ပျော်တာပေါ့။ မေကြီးဆိုရင် မျက်ရည်တွေတောင် ဝဲတယ်။
မေး။ ။ ဆယ်တန်း အောင်ပြီဆိုတော့ အချိုးအကွေ့ တစ်ခုကို ရောက်ပြီပေါ့လေ။ ဆိုတော့ ဘာဆက်လုပ်ဖို့ ရှိလဲ။
ဖြေ။ ။ ကျောင်းဆက်တက်ဖို့ အစီအစဉ် ရှိပါတယ်။ ဘာကျောင်းတက်မလဲ ဆိုတာကတော့ ကိုယ့်အမှတ်အပေါ်မူ တည်ပြီးတော့ တက်ချင်တဲ့ ကျောင်းကို တက်ဖို့ ရှိပါတယ်။ အမှတ်ကတော့ သိပ်မကောင်းဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့လည်း အောင်တယ်ဆိုတော့ သမီးကျေနပ်ပါတယ်။
မေး။ ။ အမှတ် မကောင်းဘူးလို့ ထင်တာက စာမေးပွဲမှာ သိပ်ပြီး မဖြေနိုင်ခဲ့လို့လား။
ဖြေ။ ။ စာမေးပွဲဖြေဖို့ နှစ်လအလိုမှာ သမီး (သပိတ်စစ်ကြောင်း) လိုက်ခဲ့တာလေ။ အဲ့ဒီ နှစ်လလောက်မှာ သမီးအဆက် ပြတ်သွားတာ။ စာမေးပွဲ နီးတော့ သမီး ဘာစာမှ မရသေးဘူး။ နဂိုက ကျက်ထားတဲ့ အခံရှိလို့ပဲ အောင်တာလို့ သမီး ထင်တယ်။ ကိုယ့်ကိုယ်ကိုယ် အောင်မယ်လို့တောင် မထင်ထားဘူး။ သင်္ချာနဲ့ Bio (ဇီဝဗေဒ) သိပ် မဖြေနိုင်ဘူး။
မေး။ ။ သပိတ် စစ်ကြောင်းထဲမှာရော စစ်ကြောင်းနားတဲ့အခါ စာမဖတ်ဖြစ်ဘူးလား။
မေး။ ။ ဖတ်တော့ ဖတ်ဖြစ်တာပေါ့။ ဒါပေမယ့် သမီးက သိပ်ပြီး စိတ်မပါတော့တာပေါ့နော်။ ကျက်တာတော့ ကျက်တာပါပဲ။ စိတ်သိပ် မပါတော့တာလေ။ အလုပ်ကလည်း တစ်ဘက်ရှိနေတော့။
မေး။ ။ အခု စာမေးပွဲအောင်ပြီဆိုတော့ သူငယ်ချင်းတွေနဲ့ အမှတ်တရ တစ်ခုခု လုပ်ဖို့ရှိလား။
ဖြေ။ ။ မသိသေးဘူး ရှင့်။ သမီးသူငယ်ချင်းတွေက အကုန်ရှုံးတယ်။ သမီးတို့ လမ်းထဲမှာဆိုရင် ဆယ်တန်းခြောက်ယောက် ရှိတာ သမီးတစ်ယောက်ထဲ အောင်တာ။
မေး။ ။ မိဘတွေကရော ညီမကို ဘာဆက်လုပ်စေချင်ကြလဲ။
ဖြေ။ ။ ပါကြီးနဲ့ မေကြီးနဲ့ကတော့ ကျောင်းဆက်တက်ဖို့ပြောတယ်။ ပြီးတော့ ကျောင်းသား ဖြစ်တဲ့အတွက် ကျောင်းသားကိစ္စပဲ လုပ်။ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းနဲ့မှ မရောယှက်စေနဲ့လို့တော့ သတိပေးတယ်။
မေး။ ။ ညီမကရော ဘာဖြစ်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိလား။
ဖြေ။ ။ သမီးရဲ့ ငယ်ငယ်ကတည်းက ရည်ရွယ်ချက်က ပညာတတ် တစ်ယောက်ဖြစ်ချင်တယ်။ အဲ့အထဲထဲမှာမှ သမီးက စစ်သူနာပြု ဖြစ်ချင်တာ အရမ်းပဲ။ အခုတော့ မဖြစ်ချင်တော့ပါဘူး။ စစ်သူနာပြုကလည်း အမှတ်က ၄၂၀ မှဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။
မေး။ ။ မတ်လထဲမှာ စာမေးပွဲဖြေပြီး ကျောင်းပိတ်တော့ ဘာတွေ လုပ်နေလဲ။
ဖြေ။ ။ ဘာတွေလုပ်နေလဲဆိုတော့ ကွန်ပျူတာသင်တန်း တစ်ပတ်သွားတက်ပါတယ်။ အင်္ဂလိပ်စာ Speaking တစ်ပတ်သွားတက်ပါတယ်။ နောက်ပြီးတော့ ရန်ကုန်မှာ Voter Education သင်တန်း တစ်ခု သွားတက်ပါတယ်။
မေး။ ။ တက္ကသိုလ် တစ်ခုခုမှာ ကျောင်းတက်ရတော့မယ်ဆိုတော့ ပညာရေးလှုပ်ရှားမှုတွေမှာ ဆက်ပြီးပါဦးမလား။
ဖြေ။ ။ ရှိပါတယ်။ သမီးက အကသ (အခြေခံကျောင်းသားများသမဂ္ဂ) ကလေ။ သမီးနဲ့ ချိတ်ဆက်နေတာ ၁၂ မြို့နယ် လောက်ရှိပါတယ်။ သူတို့တွေနဲ့ အကုန်ချိတ်ဆက်ပြီးတော့ ဆက်လုပ်ဖို့ အစီအစဉ်တွေ အများကြီးရှိပါတယ်။
မေး။ ။ ပြင်ပေးဖို့ ညီမတို့ တောင်းဆိုခဲ့တဲ့ အမျိုးသား ပညာရေးဥပဒေက အခု ဘယ်လို အခြေအနေ ရောက်နေပြီလဲ။
ဖြေ။ ။ အစိုးရနဲ့ကတော့ လောလောဆယ် မူအားဖြင့် သဘောတူထားတဲ့အဆင့် ရောက်နေပြီလို့ လောလောဆယ် အဲ့လောက်ပဲ သိရပါတယ်။ နောက်ပြဿနာကတော့ နောက်အစိုးရတက်မှလို့ ထင်ပါတယ်။
မေး။ ။ ရပ်ကွက်နဲ့ မြို့က လူတွေက ကျောင်းသားလှုပ်ရှားမှုမှာ ပါခဲ့တဲ့ညီမနဲ့ ညီမရဲ့ မိသားစုအပေါ် ဆက်ဆံရေးက ဘယ်လိုရှိလဲ။
ဖြေ။ ။ ပုံမှန်ပါပဲ။ ဘာမှ မထူးခြားဘူး။ ပြောင်းလည်း မပြောင်းလဲဘူး။ သမီးတို့ ရပ်ကွက်ထဲက ဆိုရင် သမီးအဲ့လိုလုပ်တာ သိချင်မှ သိမှာ။ ဘာလို့လဲဆိုတော့ သမီးတို့ ရပ်ကွက်က အေးချမ်းတိတ်ဆိတ် တယ်။ တစ်အိမ်နဲ့ တစ်အိမ် သိပ်ပြီး စပ်စပ်ယှက်ယှက် မရှိဘူး။ သိတော့လည်း သိနိုင်ပါတယ်။ ဒါပေမယ့် မေးတာမြန်းတာတော့ မရှိဘူး။
မေး။ ။ သပိတ် စစ်ကြောင်းကနေ ပြန်သွားတော့ ကျောင်းက ဆရာ၊ ဆရာမတွေက ညီမကို ဘာပြောကြသေးလဲ။
ဖြေ။ ။ ဘာမှတော့ သိပ်မပြောပါဘူး။ ဒါပေမယ့် အမူအရာကတော့ ဆက်ပြီးတော့ မလိုက်စေချင်ဘူးပေါ့နော်။ စာကိုပဲ ဆက်သင်စေချင်တဲ့ ပုံစံမျိုးပေါ့။
မေး။ ။ သူငယ်ချင်းတွေကရော ညီမရဲ့ လုပ်ရပ်အပေါ် ဘာပြောကြသေးလဲ။
ဖြေ။ ။ သမီးသူငယ်ချင်းတွေကတော့ လုံးဝသဘောမတူဘူးပေါ့နော်။ သူငယ်ချင်းတချို့ဆို အဆက်အသွယ် ဖြတ်တာတောင် ရှိတယ်။ အခုကတော့ သူတို့လည်း နည်းနည်းနားလည်သွားပါပြီ။
မေး။ ။ ညီမရဲ့ မိဘတွေက ဘာအလုပ် လုပ်ကြလဲ။
ဖြေ။ ။ ပါပါးတို့က ဆေးသုတ်လုပ်ငန်း လုပ်ပါတယ်။ မေကြီးကတော့ ဘာမှ မလုပ်ဘူး။ ပါးပါးနဲ့ ကိုကြီးကတော့ အိမ်တစ်လုံးကို ဆေးသုတ်ဖို့ ကန်ထရိုက်ဆွဲတယ်။ ပြီးရင် အလုပ်သမားတွေကို ဦးစီးပြီး ပြန် (လုပ်) ခိုင်းတယ်။ တစ်ခါတလေကျရင် သူတို့ ကိုယ်တိုင် ဝင်လုပ်တယ်။
မေး။ ။ ညီမက မွေးချင်း မောင်နှမ ဘယ်နှစ်ယောက်ရှိလဲ။
ဖြေ။ ။ မွေးချင်း ခြောက်ယောက်ရှိပါတယ်။ သမီးက ဒုတိယမြောက်ပါ။ အစ်ကိုကတော့ ကိုးတန်းအောင်ပြီး ဆယ်တန်းကို နှစ်လလောက်ပဲ တက်ပြီး ထွက်လိုက်တာ။ သမီး ညီမလေးကတော့ ခြောက်တန်းရောက်ပြီ။ မောင်လေး နှစ်ယောက်ကတော့ တစ်ယောက်က သုံးတန်း၊ တစ်ယောက်က တစ်တန်း၊ အငယ်ဆုံးကတော့ အိမ်မှာပဲ။
မေး။ ။ လက်ရှိ ပညာရေးစနစ်အပေါ် ညီမက ဘယ်လိုမြင်လဲ။
ဖြေ။ ။ သမီးတို့ ကျောင်းသားတွေ တောင်းဆိုနေတာက ကိုယ်နဲ့ကိုက်ညီတဲ့ စံနှုန်းတစ်ခုကိုပဲ သတ်မှတ်ပြီး တောင်းဆိုနေတာပါ။ ဘာအကန့်မှ မရှိပါဘူး။ ပညာရေးတစ်ခုကိုပဲ ဦးတည်ပြီး တောင်းဆိုတာပါ။ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းရဲ့ ချုပ်ကိုင်မှုမှ မပါဘူး။ ကိုယ့်ယုံကြည်ချက်နဲ့ပဲ သမီးတို့ လမ်းပေါ်ထွက်ခဲ့ကြတာ။
Mizzima - News in Burmese
No comments:
Post a Comment