ကွန်ပြူတာ အချက်အလက်များကို ရယူနှောက်ယှက်မည့် သက်သေအထောက် အထားများ တွေ့ရှိခဲ့ ရခြင်းကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယင်း၏ အမျိုးအစားခွဲခြားမထားသော ကွန်ပြူတာ ကွန်ရက်စနစ်ကို သီတင်းပတ် တစ်ပတ်ကျော်ကြာ ပိတ်ထားမည်ဖြစ်သည်ဟု နိုဝင်ဘာ ၁၆ ရက်က ကန်မီဒီယာများတွင် ဖော်ပြခဲ့သည်။
အီးမေး အဝင်အထွက်များ၊ ဝက်ဘ်ဆိုဒ်များနှင့် သက်ဆိုင်သည့် ဌာန၏ အဓိက ကွန်ရက်စနစ်ကို ပုံမှန် စစ်ဆေးထိန်းသိမ်းမှုများ လုပ်ဆောင်ရန် စီစဉ်ထားခဲ့သည့် အချိန်တွင် ယခုကဲ့သို့ ကွန်ရက်စနစ်ကို ပိတ်ထား မည့် ကိစ္စရပ်ကို ကန်နိုင်ငံခြားရေးဌာနက နိုဝင်ဘာ ၁၄ ရက်က အီးမေးဖြင့် ထုတ်ပြန်ပြောကြား ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ကွန်ပြူတာအချက်အလက်များကို ဝင်ရောက်နှောက်ယှက်မည့် ဟက်ကာ တစ်ဦးက အုပ်စုအလိုက် ခွဲထားသောအီးမေးလ်များ ထိန်းသိမ်းထားသည့်စနစ်၏ လုံခြုံရေးပိုင်းကို ချိုးဖောက်နိုင်သည်ဟူသည့် သက်သေအထောက်အထားတစ်ရပ်ကို တွေ့ရှိခဲ့သည်ဟု နိုဝင်ဘာ ၁၆ ရက် တွင် သတင်းများ ထွက်ပေါ်လာခဲ့သည်။
ဆက်လက်၍ စိုးရိမ်စရာကောင်းသော လုပ်ဆောင်မှုတစ်ခု ရှိခဲ့သည်ဟု ကန် အဆင့်မြင့်အရာရှိတစ်ဦးက ၀ါရှင်တန်ပို့စ် သတင်းဌာန သို့ ပြောကြားခဲ့သော်လည်း ဌာန၏ အုပ်စုခွဲထားသော ကွန်ရက်စနစ်များကို ထိခိုက်ခံထားရခြင်းမရှိဟုလည်း ပြောကြားသွားသည်။ အကယ်၍ အချက်အလက်များ ၀င်ရောက် နှောက်ယှက်ခံရမည်ဆိုပါက ကန်နိုင်ငံခြားရေး ၀န်ကြီးဌာနသည် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ချိုးဖောက်မှု များနှင့် ရင်ဆိုင်နေရသည့် အစိုးရအေဂျင်စီများစွာထဲတွင် နောက်ဆုံး ဌာနတစ်ခု ဖြစ်လာမည် ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း ဟက်ကာများသည် အမေရိကန် စာပို့ဌာနရှိ အမှုထမ်းများထံမှ အရေးကြီးသော ကိုယ်ရေး အချက်အလက်များကို ခိုးယူသွားခဲ့သည်ဟု အဆိုပါ ဌာနကပြောကြားခဲ့သည်။ ယင်းမှာ ယခုနှစ်အတွင်း အကြီးဆုံးသော အချက်အလက်ပိုင်း ဆိုင်ရာ ချိုးဖောက်မှုတစ်ရပ်ဖြစ်သည်။ ထို့ပြင် ယင်းကဲ့သို့ အချက်အလက်များ ဖောက်ဖျက်ခံရမှုတွင် အလုပ်သမားများ၊ ပုဂ္ဂလိက ကန်ထရိုက်တာများအပါ အ၀င် အေဂျင်စီက ငွေပေးချေနေသည့် လူပေါင်း ၈၀၀,၀၀၀ ကျော်ကို ထိခိုက်စေခဲ့သည်ဟု အဆိုပါ ကန်စာပို့ အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ဟက်ကာများသည် ဖောက်သည်များ၏ ၀န်ဆောင်မှုအတွက် အွန်လိုင်းနှင့် စာတိုက်များရှိ ငွေပေးချေမှု စနစ်များကို ထိုးဖောက်ဝင်ရောက် ခဲ့သည်ဟု ဖော်ပြချက်တစ်ခုတွင် ဆိုထားသည်။ လက်ရှိတွင် ယင်းကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို အေဂျင်စီက FBI နှင့် အတူ ပူးပေါင်းလုပ်ဆောင် လျက်ရှိသည်။
ထို့ပြင် ပြီးခဲ့သည့် လကလည်း အမျိုးအစား ခွဲခြားထားခြင်းမရှိသော ကွန်ပြူတာ ကွန်ရက်စနစ်တွင် ချိုးဖောက်ဝင်ရောက်မှုတစ်ခု ရှိခဲ့သည်ဟု အိမ်ဖြူတော် ကလည်း ထုတ်ပြန်ပြောကြားထားသည်။
Mizzima - News in Burmese
No comments:
Post a Comment