Friday, November 21, 2014

မက္ကဆီကိုတွင် ပျောက်ဆုံးနေသော ကျောင်းသားများအတွက် ချီတက်ဆန္ဒပြ



မူးယစ်မှောင်ခိုဂိုဏ်းမှ သတ်ဖြတ်ခဲ့သောကြောင့် သေဆုံးသွားပြီဟု အာဏာပိုင်များ ပြောဆိုထားသည့် ပျောက်ဆုံးနေ သော ကျောင်းသား ၄၃ ဦး၏ ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများဦးဆောင်၍ မက္ကဆီကိုမြို့တော်တွင် ယမန်နေ့က ချီတက်ဆန္ဒပြခဲ့ကြကြောင်း BBC တွင် ဖော်ပြပါရှိသည်။
ထောင်ပေါင်းများစွာသော ပြည်သူများ ပါဝင်သည့် ဆန္ဒပြသူများသည် မက္ကဆီကို မြို့တော်အတွင်း လမ်းကြောင်း သုံးကြောင်းဖြင့် ချီတက်ခဲ့ကြပြီး ဇိုကာလို ရင်ပြင်၌ ဆုံစည်းကြသည်။

ဆန္ဒပြသည့် လူထုကြီးသည် ငြိမ်းချမ်းစွာ ချီတက်လာသော်လည်း သမ္မတအိမ်တော်အနီးသို့ အရောက်တွင် အချို့သော ဆန့်ကျင်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ အကြား အပြန်အလှန်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

နိုင်ငံတစ်ဝန်းမှ ကူညီရိုင်းပင်းပါဝင်လာစေရန် နယ်လှည့်ခဲ့သည့် ဆွေမျိုးများ၊ မိသားစုဝင်များကို တင်ဆောင်လာသော တပ်အစောင့်အရှောက်ပါ ယာဉ်တန်းကြီးမှာ ယမန်နေ့က မက္ကဆီကိုမြို့တော်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ကျောင်းသားများ ပျောက်ဆုံးနေမှုနှင့် စပ်လျဉ်း၍ အစိုးရအရာရှိများ၏ ဖြေရှင်းချက်မှာ လက်မခံနိုင်စရာ များစွာ ရှိနေပြီး ၎င်းတို့ အသက်ရှင်နေသေးသည်ဟု မျှော်လင့်နေကြသည်။

အထက်ပါ ချီတက်ဆန္ဒပြသူအချို့နှင့် ရဲများ အချင်းပွားမှု မဖြစ်ခင် နာရီပိုင်းအလိုကလည်း လေဆိပ်အနီး၌ မျက်နှာဖုံးစွပ် ဆန္ဒပြသမားများနှင့် ရဲတို့အကြား အပြန်အလှန် ထိုးနှက်တိုက်ခိုက်မှုများ ဖြစ်ခဲ့သည်။

“သူတို့ဘယ်ရောက်နေလဲ မသိရတာ နှစ်လလောက်ရှိပြီ၊ ဘာမှလည်း မကြားရမသိရဘဲ ကွဲကွာနေတာ” ဟု ပျောက်ဆုံးနေသည့် အသက် ၁၉ နှစ်အရွယ် ကျောင်းသားတစ်ဦး၏ ဖခင်ဖြစ်သူ ဖရန်စစ္စကိုလာဂရိုက ဆိုသည်။

“သူတို့ ဘယ်လိုအခြေအနေရှိလဲ၊ အစားမှ စားရရဲ့လား၊ ရေမှ သောက်ရရဲ့လား၊ အနှောင်အဖွဲ့ခံထားရလား၊ မေးစရာတွေက အများကြီးပဲ” ဟု ၎င်းက ဆက်ပြောသည်။

အကျင့်ပျက်ခြစားမှုနှင့် နိုင်ငံရေး အထိကရုန်းများကို မက္ကဆီ၌ အတွေ့ရများသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုတာအတွင်း ပျောက်ဆုံးခဲ့သူများအနက် လူပေါင်း တစ်သိန်း ၀န်းကျင် သေကျေခဲ့ပြီး ၂၇၀၀၀ ခန့်မှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ 

တောင်ပိုင်းပြည်နယ် ဂွာအဲယို၌ ဖြစ်ပွားသည့် ကျောင်းသား ၄၃ ဦး ပျောက်ဆုံးနေသော ယခုဖြစ်ရပ်အတွက် မက္ကဆီကိုမြို့လယ်တွင် အတိုက်အခံများက လှုံ့ဆော်ပေးကြသည်များလည်း ရှိသည်။

ချီတက်ဆန္ဒပြသူတိုင်း မခံမရပ်နိုင်ဖြစ်နေကြပြီး ဤဖြစ်ရပ်အပေါ် သမ္မတ အန်ရစ်ပန်နာနီတို အစိုးရ၏ တာဝန်ယူမှု လျော့ရဲသောကြောင့် ဒေါသထွက်နေကြသည်။

ကျော်လင်းထွန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List