Friday, November 21, 2014

ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာ အကြမ်းဖက်တိုက်ခိုက်ခံမှု အန္တရာယ် ပိုမိုမြင့်မား


မကြာသေးမီက ထုတ်ပြန်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှု အညွှန်းကိန်းအရ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့သည် ကမ္ဘာတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်ပိုမိုမြင့်မားသည် ဟု သိရှိထားသည့်နိုင်ငံပေါင်း ၁၃ နိုင်ငံတွင် ပါဝင်နေသည်။

အကြမ်းဖက်တိုက်ခိုက်မှု၏ ၈၂ ရာခိုင်နှုန်းမှာ နိုင်ဂျီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့တွင် ဖြစ်ပွား လျက်ရှိသည်ဟု သြစတြေးလျရှိ စီးပွားရေးနှင့် ငြိမ်းချမ်းရေး အင်စတီကျုက ထုတ်ပြန်ခဲ့သော အဆိုပါအစီအရင်ခံစာကဖော်ပြခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်မှုသိသိသာသာများပြားလျက်ရှိသော နောက်ထပ်ငါးနိုင်ငံထဲတွင် အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့ ပါဝင်သည်။ ထိုနိုင်ငံများတွင် အဓိကအားဖြင့် ခွဲထွက်ရေးအုပ်စုများ၏ တိုက်ခိုက်မှုအန္တရာယ်ရှိသည်။စင်ကာပူအပါအ၀င် နိုင်ငံအများအပြားမှာ မကြာသေးခင်နှစ်များအတွင်း အကြမ်းဖက်တိုက်ခိုက်ခံမှုမရှိခဲ့ပေ။ ၂၀၁၃ခုနှစ်က အကြမ်းဖက်မှုကြောင့် လူများသတ်ဖြတ်ခံခဲရသကဲ့သို့ လူသတ်မှုမှာ အဆ ၄၀ ပိုလာကြောင်း ကိုလိုရာဒို တက္ကသိုလ်မှ ကထိက ဒန်အဲရစ်ဆင်က ပြောကြားခဲ့ သည်။

သို့သော်လည်းအကြမ်းဖက်မှုကို အရှိတရားထက်ချဲ့ကားပြီးထိတ်လန့်တုန်လှုပ်အောင်လုပ်ဖို့မလိုကြောင်း လည်း ၎င်းကပြောကြားခဲ့သည်။ အကြမ်းဖက်မှုကြောင့် လူတို့၏ သဘောထားအမြင်အပေါ် သက်ရောက်မှု ရှိပြီး သတ်ဖြတ်ခံရသူများတွင် သာမက လူ့အဖွဲ့အစည်းတွင် အခြားကဏ္ဍများ အပေါ်သို့ပါ မယုံနိုင်လောက် အောင် သက်ရောက်မှုရှိကြောင်း ဒန်က ပြောကြားခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်မှု အများစုကြောင့် အသက်များစွာ ဆုံးရှုံးသည့်အပြင် စိတ်လှုံ့ဆော်မှုတွင်လည်း ပြောင်းလဲလျက်ရှိသည်။ မူလက အကြမ်းဖက်တိုက်ခိုက်မှုကို မောင်းနှင်သည့် အရာများမှာ အမျိုးသားရေး ဝါဒီနှင့် ခွဲထွက်ရေး ဝါဒီတို့ ဖြစ်သည်။ သို့သော် ယခုအခါ ဘာသာရေးလည်း ပါဝင်လာသည်။ အီရတ်နှင့် ဆီးရီးယားတွင် အကြမ်းဖက်တိုက်ခိုက်မှု မြင့်မားနေသည်မှာ အဓိကအားဖြင့် ဘာသာရေးကြောင့် ဖြစ် သည်။

အနာဂတ်တိုက်ခိုက်မှု အန္တရာယ် လျှော့ချရေးအတွက် နည်းလမ်းတစ်ခုအဖြစ် သည်းခံနားလည်မှုနှင့် အခွင့်အရေးများကို မြင့်တင်ပေးရ မည်ဖြစ်ကြောင်း အစီအရင်ခံစာက သတိပေးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာတို့ကဲ့သို့နိုင်ငံများတွင် ကောင်းမွန်သော လူ့အဖွဲ့အစည်း ဆက်ဆံရေး၊ သည်းခံမှုနှင့် သတင်းအချက်အလက် စီးဆင်းမှုအားနည်းခြင်းတို့ကြောင့် လာမည့်နှစ်များတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှု အန္တရာယ် ပိုမိုမြင့်မားရခြင်း ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List