Thursday, November 20, 2014

လိုင်ဇာဌာနချုပ်အနီးရှိ လက်နက်ကြီးများ ဖယ်ရှားပေးရန်ကေအိုင်အို တောင်းဆို


လိုင်ဇာဗဟိုဌာနချုပ် အနီး ခရာဘွမ်တောင်ကြော တလျှောက်က လက်နက်ကြီး တွေ ဖယ်ရှားပေးဖို့နဲ့ စစ်စခန်းတွေ ရုပ်သိမ်းပေးဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)က အစိုးရကို တောင်းဆိုလိုက် ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ချောမွေ့အောင်မြင်ဖို့အတွက် အခုလို ဖယ်ရှားပေးဖို့ တောင်းဆိုတာလို့ နိုဝင်ဘာ ၂၀ ရက် ကေအိုင်အို ထုတ်ပြန်ချက်မှာ ရေးပါတယ်။

မနေ့က ခရာဘွမ်တောင်ကြောပေါ်မှာ တပ်စွဲထားတဲ့ အစိုးရစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းက ဗိုလ်လောင်း သင်တန်းသား ၂၃ ဦး ကျဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိ ခဲ့တဲ့နောက် ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီပစ်ခတ်မှုမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(အေဘီအက်စ်ဒီအက်ဖ်)မှ ဗိုလ်သင်တန်းတက်နေတဲ့ ရဲဘော် ဟိန်းထက်နဲ့ ရဲဘော် သက်ဇော် ကျဆုံးသွားတယ်လို့ ကျောင်းသား တပ်မတော်က ထုတ်ပြန်ထားပါတယ်။

အေဘီအက်စ်ဒီအက်ဖ် ဥက္ကဋ္ဌ ရဲဘော်သံခဲကတော့ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဟာ ယုံကြည်မှုအပေါ်မှာ အများကြီးမူတည်နေသလို ယုံကြည်မှု တည်ဆောက်နေ တဲ့ကာလမှာ ဒီတိုက်ခိုက်မှုဟာ ၂ ဖက်ယုံကြည်မှုကို ပျက်ယွင်းသွား စေတယ်လို့ ပြောပါတယ်။

“ဒီကိစ္စဟာ ငြိမ်းချမ်းရေးဆိုတဲ့ လုပ်ငန်းစဉ်တွေ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားရှိတယ်၊ အားလုံးရဲ့ကြိုးပမ်းဆောင်ရွက်မှုကို လှစ်လျူရှုတဲ့ သဘော ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်၊ အဲလိုမျိုးယူဆလိုက်ရင် သံသယစိတ်တွေ ကြီးထွားလာတာနဲ့ အတူ အဆိုးသံသရာက ပိုပြီးဆိုးသွားလိမ့်မယ်” လို့ ရဲဘော်သံခဲက ပြောပါတယ်။

ဒီကိစ္စအတွက် တာဝန်ရှိတဲ့သူတွေက တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်သလို တာဝန်ယူဖြေရှင်း ဆောင်ရွက်တာကို ကြားရမယ်လို့ ထင်မြင်တဲ့အကြောင်းလည်း ပြောပါတယ်။

ကေအိုင်အိုကတော့ ဒီတိုက်ခိုက်မှုဟာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ ဖြစ်တဲ့အတွက် ဗဟိုကော်မတီက ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်လာရေးအတွက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လတ်မှတ်ထိုးဖို့ ကြိုးပမ်းဆောင်ရွက်နေချိန်မှာ ကေအိုင်အေ တပ်စခန်းတွေကို အကြောင်းမဲ့ ပစ်ခတ်တာ၊ ချုံခိုတိုက်ခိုက်တာနဲ့ စခန်းသိမ်းတိုက်ပွဲတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်ကတော့ တရားဝင် ထုတ်ပြန် ထားတာ မရှိသေးပါဘူး။

DVB

No comments:

Post a Comment

My Blog List