Thursday, November 20, 2014

ဘန်းချောင်း ကျောက်မီးသွေးမိုင်းအား ကန့်ကွက်သည့်အနေဖြင့် စီမံကိန်း ၀င်လမ်းများတွင် သစ်တုံးသစ်ပင်များပိတ်ကာထားရာ KNU က အတားအဆီး များကိုဖယ်ရှားပြီး စီမံကိန်းလုပ်ငန်းခွင်အား လုံခြုံရေးချထား


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် မေတ္တာမြို့နယ်ခွဲရှိ ဘန်းချောင်းဒေသရှိ ကွမ်းချောင်းကြီးကျေးရွာ တွင် May Flower Mining Enterprises Co;Ltd နှင့် ထိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် East Star ကုမ္ပဏီတို့မှ အကျိုးတူတူးဖော်လျက် ရှိသော ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းမှ ထိုင်းနိုင်ငံသို့ ကျောက်မီးသွေး တင်ပို့ရာလမ်းကြောင်းဖြစ်သည့် ကွမ်းချောင်းကြီး-အမြား(အမရာ)လမ်းနှင့် စီမံကိန်းမှ ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စုံစင်ရွာသို့ ဖောက်လုပ်ထားဆဲလမ်းများကို စီမံကိန်းအားကန့်ကွက်နေသည့် စီမံကိန်းအနီးမှ သပြုချောင်၊ ကျောက်ထူး၊ ကထောင်းနီနှင့် ကွမ်းချောင်းကြီးကျေးရွာများမှ ဒေသခံကရင် တိုင်းရင်းသားများက နိုဝင်ဘာ ၁၅ ရက်မှစ၍ လမ်းပိတ်ဆို့တားဆီး ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၇ ရက်တွင်မူ စီမံကိန်းမှယာဉ်များအား သွားလာခွင့်တား ဆီးထားသည့် ကွမ်းချောင်းကြီး-အမြား (အမရာ) လမ်းပေါ်မှ ဒေသခံများ၏ အတားအဆီးများအား ကရင်အမျိုးသားအစည်းအရုံး (KNU) မှတပ်ဖွဲ့ဝင်များက လာရောက် ဖယ်ရှားခဲ့သည့်အပြင် စီမံကိန်းလုပ်ငန်းခွင်ကိုပါ လုံခြုံရေးစောင့်ကြပ် မှုပေးခဲ့သည်များရှိကြောင်း ဒေသခံ များ၏ပြောကြားမှုကိုကိုးကား၍ ဒေသခံများနှင့် ကရင်တိုင်းရင်းသားများအတွက် လူမှုရေးလုပ်ငန်းများဆောင် ရွက်ပေးနေသော တာကပေါအဖွဲ့မှပြောကြားချက်အရ သိရသည်။

"ဒေသခံတွေက ဒီစီမံကိန်းကိုမလိုချင်ဘူးလို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကလုပ်တဲ့အစည်းအဝေးမှာ ကုမ္ပဏီကိုပြောထားပြီးတာတောင်မှ သူတို့ကဆက်လုပ်တယ်။ ဒါကြောင့် ဒေသခံတွေက စီမံကိန်းကနေ ဖောက်ထားတဲ့ လမ်းပိုင်းနှစ်ခုကို ၁၅ ရက်ကစပြီး စီမံကိန်းကိုကန့်ကွက်ကြောင်းပြသတဲ့အနေနဲ့ ပိတ်ခဲ့ တယ်။ ၁၇ ရက်မှ KNU တပ်သားတွေရောက်လာပြီး ထိုင်းဘက်ကို ကျောက်မီးသွေးတင်ပို့နေတဲ့လမ်း ပိုင်းက ရွာသားတွေတားထားတဲ့အတား အဆီးတွေကို ဖယ်ပစ်ခဲ့တဲ့အပြင် ကုမ္ပဏီရဲ့စီမံကိန်းလုပ်ငန်းခွင် တွေကိုပါ လုံခြုံရေးစောင့်ကြပ်ပေးခဲ့တယ်လို့ သိရတယ်။

KNU ဆိုတာ ကရင်တိုင်းရင်းသားတွေရဲ့မိသားစုထဲကမွေးဖွားလာတာပါ။ ဒေသခံကရင်တိုင်းရင်းသားတွေ ရဲ့အကျိုးကို ထိခိုက်နေလို့ ကန့်ကွက်နေတဲ့ဒီစီမံ ကိန်းကို ဘာဖြစ်လို့ အခုလိုအကာအကွယ်ပေးပြီး ဒေသခံကရင်တိုင်းရင်း သားတွေကိုကျတော့ ဘာလို့အကာအကွယ်မပေးခဲ့သလဲဆိုတာ မေးခွန်းထုတ် စရာရှိတယ်။ KNU ဆိုတာ ကရင်တိုင်းရင်းသားတွေနဲ့ တစ်သားတည်းရှိခဲ့တာပါ။ ဒေသခံတွေအနေနဲ့ နှစ်ပေါင်းများစွာ အတူတကွလက်တွဲနေထိုင်လာတဲ့ KNU ရဲ့ အခုလိုရပ်တည်ချက်အတွက် အတော်လေး စိတ်မကောင်းဖြစ်နေကြပါတယ်။ ဒီစီမံကိန်းမှာ KNU ရဲ့ အကျိုးအမြတ်ရရှိမှုအပေါ် သိချင်ပါတယ်" ဟု ဒေသခံ ကရင်တိုင်းရင်းသားများအတွက် လူမှုရေးလုပ်ငန်းများဆောင်ရွက်ပေးနေသော တာကပေါအဖွဲ့မှ နော်ပီသလောက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက် နံနက်က ထားဝယ်မြို့ရှိ ခရစ်ယာန်ပညာ သင်ရေးစင်တာတွင်ကျင်းပ ခဲ့သော ဘန်းချောင်းဒေသတွင် May Flower Mining Enterprises Co;Ltd မှဆောင်ရွက်နေသည့် ကျောက်မီးသွေးတူးဖော်ရေး စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ကုမ္ပဏီမှတာဝန်ရှိသူများနှင့် ဒေသတွင်းရှိလူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများပါဝင်သော မျက်နှာစုံညီဆွေးနွေးပွဲ၌ တက်ရောက်လာသည့်ဒေသခံများအားလုံးမှ စီမံကိန်းအား လက်မခံနိုင်ကြောင်းနှင့် ရပ်ဆိုင်ပေးရန်တောင်းဆိုခဲ့ပြီး ကုမ္ပဏီဘက်မှလည်း စီမံကိန်းအား မရပ်ဆိုင်းပေးနိုင်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကုမ္ပဏီတာဝန်ရှိသူတို့တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ၀န်ကြီးချုပ် ဦးမြတ်ကို က ကထောင်းနီရွာအနီးရှိလုပ်ကွက်ကို ၎င်းတို့အစိုးရ၏လုပ်ပိုင်ခွင့်ထဲမှပယ်ဖျက်ပေးရန် ဆုံးဖြတ် ခဲ့ကာ ကျန်ရှိသည့်အပိုင်းမှာ May Flower Mining Enterprises Co;Ltd နှင့်သာသက်ဆိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

KNU တပ်ဖွဲ့ဝင်များက ဒေသခံများ၏လမ်းပိတ်ဆို့ထားသော အတားအဆီးများကို ဖယ်ရှားခဲ့ပြီး ကုမ္ပဏီ ၏စီမံကိန်းလုပ်ငန်းခွင်များအား လုံခြုံရေးချပေးခဲ့မှုနှင့် ပတ်သက်၍KNU (မြိတ်-ထားဝယ်ခရိုင်) ဆက်ဆံရေး ရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ တာဝန်ရှိသူမှာ အပြင်သို့ထွက်သွားကြောင်း ပြောကြားခဲ့ပြီး ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ခြင်းမရှိခဲ့ပေ။ ထို့အပြင် နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက စီမံကိန်းမှ ထားဝယ်-မြိတ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စုံစင်ရွာသို့လမ်းဖောက်လုပ်နေသည့် Thai Asset ကုမ္ပဏီမှတာဝန်ရှိသူက ၎င်း၏လက်အောက်ဝန်ထမ်းကိုစေလွှတ်၍ စီမံကိန်းအားကန့်ကွက်နေသည့် ဦးဆောင်သူဒေသခံတစ်ဦးအား လာရောက်ဆက်သွယ်ကာ ဖြစ်ပွားနေသည့်ပြဿနာများကို ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးပါက ကျပ်သိန်း ၁၀၀ ပေးမည်ဟု လာရောက်ပြောဆိုစည်းရုံးခဲ့ကြောင်း၊ သို့သော် ၎င်းဦးဆောင်သူဒေသခံမှ လက်မခံခဲ့ကြောင်း သိရသည်။ 

ဘန်းချောင်းကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းကို May Flower Mining Enter- prises Co;Ltd က လုပ်ကိုင်ခွင့်ရရှိထားပြီး ထိုင်းအခြေစိုက်ကုမ္ပဏီများဖြစ်သည့် East Star Co;Ltd နှင့် Thai Asset Mining (TAM) ကုမ္ပဏီတို့ကို ကန်ထရိုက်ငှားရမ်းကာလုပ်ကိုင်နေကြောင်း သိရသည်။ ယင်းစီမံကိန်းကြောင့် ဘန်းချောင်းဒေသရှိ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘ၀များထိခိုက်ခဲ့သောကြောင့် ဒေသခံများမှ ပြီးခဲ့သည့်
လများအတွင်းက သက်ဆိုင်ရာအစိုးရနှင့် ၀န်ကြီးဌာနများသို့ တိုင်ကြားစာနှင့် ကန့်ကွက်စာများအကြိမ်
ကြိမ်ပေးပို့ခဲ့ဖူးပြီး စီမံကိန်းဆက်လက်လုပ်ကိုင်နေမှုကို ရပ်တန့်ပေးရန် တောင်းဆိုမှုများရှိခဲ့သည်။

ထို့ပြင် ၎င်းစီမံကိန်းအား သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှု (EIA) နှင့် လူမှုဘ၀ထိခိုက်နိုင်မှု (SIA) စသော စီမံကိန်းလုပ်ပိုင်ခွင့်အတွက် အရေးကြီးသော စစ်တမ်းများမပြုလုပ်ခဲ့ဘဲ ၂၀၁၀ ပြည့်နှစ်က နိုင်ငံတော်အကြီး
အကဲမှနေ၍ ကုမ္ပဏီအားလုပ်ကိုင်ခွင့်ချထားပေးခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးစော
မိုးစက်က အောက်တိုဘာ ၂၇ ရက်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သဖြင့် ဒေသတွင်းရှိ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများမှ စီမံကိန်း၏ပွင့်လင်းမြင်သာရှိမှုအပေါ် မေးခွန်းထုတ်ခဲ့ကြ သည်။ 

စီမံကိန်းကို ၂၀၁၁ ခုနှစ်မှစ၍ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရမှ ကုမ္ပဏီအား မြေငှားရမ်းခ
အဖြစ် တစ်နှစ်လျှင် မြေတစ်စတုရန်းကီလိုမီတာအား ကျပ်သိန်း ၂၀ နှုန်းဖြင့်ငှားရမ်းထားကြောင်း၊ ထုတ်လုပ်မှုစုစုပေါင်း၏ သုံးရာခိုင်နှုန်းကို ဓာတ်သတ္တုခွန်အဖြစ်ရရှိပြီး ကျန်ရှိသည့် ၉၇ ရာခိုင်နှုန်းတွင် အစိုးရသတ္တုတွင်းဌာနမှ ၃၀ ရာခိုင်နှုန်းနှင့် ကုမ္ပဏီမှ ၇၀ ရာခိုင်နှုန်းရရှိပြီး ဒေသခံများ၏ လူမှုဘ၀ထောက်ပံ့
မှုများကို ကုမ္ပဏီမှဆောင်ရွက်ပေးရန် သဘောတူလက်မှတ်ရေးထိုးထားကြောင်း သိရသည်။ လက်ရှိအချိန်၌
May Flower Mining Enterprises Co;Ltd က ၂၀၁၀ ပြည့်နှစ် မတ်လတွင် အကြီးစားသတ္တုတူးဖော်ရန် နိုင်ငံတော်အကြီးအကဲမှတစ်ဆင့် သတ္တုတွင်းဝန်ကြီး ဌာနက ၂၅ နှစ် လုပ်ခွင့်သက်တမ်းရှိ တစ်ကွက်လျှင် ဧက ၅၀၀ အကျယ် လုပ်ကွက်သုံးခုချထားပေးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၁၀ နှစ်သက်တမ်းရှိ တစ်ကွက်လျှင် ဧက ၂၀၀ အကျယ် လုပ်ကွက်သုံးခုထပ်မံချထားပေးခဲ့ကာ ကျောက်မီးသွေးတူးဖော်ရန် စုစုပေါင်းမြေဧက ၂၁၀၀ ရယူပြီး လုပ်ကိုင်နေကြောင်း၊ အစိုးရထံမှကုမ္ပဏီအား ကျောက်မီးသွေးတူးဖော် ထုတ်လုပ်ရန် ၂၀၃၆ အထိခွင့်ပြုထားကြောင်း ဒေသခံများထံမှသိရသည်။

Eleven Media Group 


No comments:

Post a Comment

My Blog List