Wednesday, November 19, 2014

မလေးရှားရောက် တရားမဝင် လုပ်သားများကို အဖမ်းအဆီး အရှိန်မြှင့်မည်ဟုဆို


တရားမဝင် မြန်မာအလုပ်သမားများ တတိယအများဆုံး ရှိနေသည့် မလေးရှား နိုင်ငံတွင် တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို အဖမ်းအဆီး အရှိန်မြှင့်လုပ်ဆောင်မည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ် ရေးဝန်ကြီးဌာန၏ ညွန်ကြားရေးမှူးချုပ် အသစ်ဖြစ်လာသူ Datuk Mustafa Ibrahim က ပြောဆိုလိုက် သည်။

အဖမ်းအဆီးများကို ပုံမှန်လုပ်ဆောင် သွားမည်ဖြစ်ပြီး ယခင်ကထက် ပိုမိုကြီးမားသည့် ဖမ်းဆီးမှုများ လုပ်ဆောင် သွားမည်ဟု ၎င်းက ပြောဆိုကြောင်း The Star သတင်းတစ်ရပ်တွင် ဖော်ပြသည်။

“သူတို့(တရားမဝင် နိုင်ငံခြားသား လုပ်သားများ) က နိုင်ငံရဲ့ အကြီးမားဆုံး ပြဿနာ ဖြစ်နေပြီ။ ဒီကိစ္စက ကျွန်တော်တို့ရဲ့ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်တယ်” ဟု Datuk Mustafa Ibrahim က ပြောဆိုထားသည်။

တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီးရေးအတွက် ပိုမို အရှိန်မြှင့် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်း၏ ညွန်ကြားရေးမှူးချုပ် လက်ထက်တွင် ပထမဆုံး အကြိမ်အဖြစ် လူဝင်မှု ကြီးကြပ်ရေးရုံး၌ နိုဝင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တရားမဝင် အလုပ်သမားများကို ဖမ်းဆီးမှု အရှိန်မြှင့် လုပ်ဆောင်ပါက မြန်မာ အလုပ်သမား အများအပြား ဖမ်းဆီးခံရနိုင်ကြောင်း ကွာလာလမ်ပူ မြို့တော်ရှိ ကပုန်းခုနစ်ရက် သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။

“တော်တော်များများတော့ အဖမ်းခံရမယ်။ ရဲအတုတွေနဲ့ လမ်းသွားသူတွေ ခြောက်လှန့် တောင်းယူတာ လည်း ခံရနိုင်တယ်” ဟု ၎င်းကဆိုသည်။

ကလန်းမြို့တွင်လည်း နိုဝင်ဘာလ ၉ ရက်နေ့က ခရီးသည်တင် ယာဉ်များပေါ် မလေးရှား ရဲတပ်ဖွဲ့ဝင်များ တက်ရောက် စစ်ဆေး ဖမ်းဆီးနေသည်ကို တွေ့ရှိရပြီး လတ်တလောတွင် နိုင်ငံခြားသား အလုပ်သမားများ ရှိသည့် နေရာအနှံ့တွင် အဖမ်းအဆီးများ ရှိနေကြောင်း ဦးဆန်းဝင်း က ပြောဆိုသည်။

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား ၂၅၇,၀၀၀ ရှိသည့်အနက် ၁၁၃,၀၀၀ မှာ အထောက်အထား ကိုင်ဆောင်ထားသူများဖြစ်ပြီး တရားမဝင် နိုင်ငံခြားသား စာရင်းတွင် မြန်မာနိုင်ငံက တတိယနေရာတွင် ရှိကြောင်း မလေးရှား အစိုးရ၏ ထုတ်ပြန် ပြောဆိုချက်များအရ သိရှိရသည်။ 

သို့သော်လည်း ပြည်ထဲရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများကမူ မလေးရှားတွင် တရားမဝင် မြန်မာလုပ်သား ၁ဒသမ ၄ သန်းခန့် ရှိသည့်အနက် ၁၅၅,၀၀၀ ကျော်ကို တရားဝင် အထောက် အထားများ ထုတ်ပေးနိုင်ခဲ့ကြောင်း စက်တင်ဘာလ ၂ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် ၌ ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List