Saturday, November 22, 2014

တောင်တရုတ်ပင်လယ်အတွင်း လေယာဉ်ကွင်း တည်ဆောက်ရန် တရုတ်စီစဉ်နေဟု အမေရိကန်စစ်ဘက်ဆို



တောင်တရုတ် ပင်လယ်ပြင်အတွင်းရှိ သန္တာကျောက်တန်း တစ်ခုပေါ်တွင် တရုတ်နိုင်ငံက လေယာဉ်ကွင်းတစ်ခု တည် ဆောက်ရန် ပြင်ဆင်နေသည်ဟု ယုံကြည်ရကြောင်း အမေရိကန် စစ်ဘက်က ပြောကြားလိုက်သည်။ တောင်တရုတ် ပင်လယ်၏ အစိတ်အပိုင်း အများစုကို တရုတ်က ၎င်းတို့ပိုင်နက် အဖြစ် သတ်မှတ်ထားရာ ဒေသတွင်းရှိ အခြားနိုင်ငံများနှင့် တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ 



ယခုအခါ ယင်းပင်လယ်ပြင်ရှိ စပရတ်လေ ကျွန်းစုအနီး ဖယ်ရီခရော့စ် သန္တာကျောက်တန်းတွင် တရုတ်က ပင်လယ်ပြင် အခြေစိုက် လေယာဉ်ကွင်းတစ်ခု တည်ဆောက်ရန် စီစဉ်နေသည်ဟု ယူဆရကြောင်း အမေရိကန် စစ်ဘက်မှ ဒုတိယ ဗိုလ်မှူးကြီး ဂျက်ဖရီပူးလ်က ဆိုသည်။

ပူးလ်က AFPနှင့် အင်တာဗျူးတွင် တရုတ်အနေဖြင့် သန္တာကျောက်တန်းပေါ်တွင် စစ်လေယာဉ်များအခြေစိုက် ဆင်းသက်နိုင် မည့် လေယာဉ်ကွင်းတစ်ခု တည်ဆောက်နေသည်ဟု ယူဆမိကြောင်း မှတ်ချက်ပေးခဲ့သည်။

“သူတို့ အဓိက လုပ်ဆောင်နေတဲ့ ရည်မှန်းချက်က ဒါပဲလို့ ထင်ပါတယ်။ သန္တာကျောက်တန်းရဲ့ အရှေ့ဘက်ပိုင်းမှာ ဆိပ်ကမ်းတစ်ခု တည်ဆောက်ထားပြီးပြီ။ အဲဒီဆိပ်ကမ်းနေရာရဲ့ အရွယ်အစားက ဆီတင်သင်္ဘောကြီးတွေနဲ့ စစ်သင်္ဘောတွေ ဆိုက်ကပ်ဖို့ ကောင်းကောင်းကြီး လုံလောက်တယ်”ဟု ပူးလ်က ပြောကြားခဲ့သည်။

၎င်းက အမေရိကန် အစိုးရ အနေဖြင့် တရုတ်အစိုးရသည် ယင်းပရောဂျက်ကို ရပ်တန့်ပြီး အလားတူ လုပ်ဆောင်မှုများ လည်း ထပ်မံ အကောင်အထည် မဖော်ရန် လိုလားကြောင်း ဆိုသည်။ “ကျွန်တော်တို့ အနေနဲ့ တရုတ်ဟာ သူတို့ရဲ့ ပိုင်နက် သိမ်းယူရေး အစီအစဉ်တွေကို ရပ်တန့်ဖို့ တိုက်တွန်းချင်ပါတယ်။ အဲဒီအစား သက်ဆိုင်ရာ နိုင်ငံအားလုံးကို စည်းရုံးပြီး သံတမန်နည်းလမ်းနဲ့ ဖြေရှင်းတာမျိုး လုပ်ဆောင်စေချင်တယ်”ဟု ပူးလ်က ပြောဆိုသွားသည်။

ယခင်က အဆိုပါ သန္တာကျောက်တန်းသည် ရေမျက်နှာပြင်အောက်တွင်သာ ရှိခဲ့သည်။ ပြီးခဲ့သည့် (၃)လတာအတွင်း တရုတ်သည် သောင်တူးစက်များကို အသုံးပြုကာ မီတာ(၃၀၀၀)ရှည်လျားပြီး အကျယ်အားဖြင့် မီတာ(၂၀၀)မှ (၃၀၀)ထိ ရှိနေသည့် ယင်းသန္တာကျောက်တန်းကို ရုပ်လုံးပေါ်အောင် တည်ဆောက်ခဲ့ကြောင်း သိရှိရသည်။

တရုတ်အစိုးရသည် သဘာဝ သယံဇာတ ပေါကြွယ်ဝသည့် တောင်တရုတ်ပင်လယ် ဧရိယာ အများစုကို ထိန်းချုပ်ရန် ကြိုးပမ်းနေပြီး ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဗီယက်နမ် အစရှိသည့် ဒေသတွင်း နိုင်ငံများနှင့် ပိုင်နက် အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List