Saturday, November 22, 2014

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် လေးပွင့်ဆိုင်တွေ့ဆုံရေး ပခုက္ကူမြို့တွင်အင်အား ၁၀၀၀ ကျော် ဆန္ဒထုတ်ဖော်



ပခုက္ကူမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်မှုဖြင့် ဒေသခံအင်အား ၁၀၀၀ ကျော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးနှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးတို့အတွက် နိုင်ဝင်ဘာ ၂၁ ရက်တွင် မြို့တွင်းသို့ လှည့်လည်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီခန့်မှစ၍ ပခုက္ကူမြို့ခံအင်အား ၁၀၀၀ ကျော်သည် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးက ‘အားလုံးအဆင်ပြေစေဖို့’၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးက ‘ပြည်သူအမြန်လွတ်မြောက်ဖို့’၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးက ‘တိုင်းပြည်အမြန်တိုးတက်ဖို့’၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးက ‘အေးချမ်းသာယာဖွံ့ဖြိုးဖို့’ စာတမ်းပါ ဗီနိုင်းပိုစတာများအား ကိုင်ဆောင်၍ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဒို့အရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဒို့အရေး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဒို့အရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဒို့အရေး၊ အရေးတော်ပုံအောင်ရမည်ဟု ကြွေးကြော်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။

“ဆန္ဒထုတ်ဖော်ရတဲ့ အကြောင်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ကို တွန်းအားဖြစ်စေ ဖို့ပါ။ ဘာလို့လဲဆိုတော့ လွှတ်တော်မှာ ပြည်သူ့အသံကို ထည့်မစဉ်းစားဘဲ ဆွေးနွေးနေကြတဲ့သူတွေ တွေ့နေရတယ်။ အဲဒါကြောင့် ပြည်သူ့အသံကို ထပ်တင်ပေးဖို့ ပခုက္ကူမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေက ဦးဆောင်ပြီး ဆန္ဒထုတ်

ဖော်ရတာပါ။ 

အရင်ကလည်း ဆန္ဒထုတ်ဖော်မှုတွေအပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လက်မှတ်ထိုးဆန္ဒပြု တောင်းဆိုခဲ့ပြီးပါပြီ။ အခု ပြည်သူတွေရဲ့အသံကို ဘယ်လွှတ်တော်ကိုယ်စားလှယ်တွေ နားထောင်နေမလဲဆိုတာ စောင့်ကြည့် ရမှာပါ” ဟု ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသန့်ရှင်းက ပြောကြားသည်။“အရင်ရက်က ၁၄ ပွင့်ဆိုင်ဆိုပြီး တွေ့ဆုံတာတွေ့လိုက် ပါတယ်။ ဘာမှထူးထူးခြားခြား ဖြစ်မလာပါဘူး။ အမှန်တကယ်ကို တိုင်းပြည် တိုးတက်စေ

ချင်တယ်ဆိုရင် တိုင်းပြည်ကို ဦးဆောင်နေတဲ့သူတွေ တွေ့ဆုံ ဆွေးနွေးဖို့ လိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကလည်း အင်မတန် အရေးကြီးပါတယ်။ ဒါမှ တိုင်းပြည်မှာ လူမှန်နေရာ


မှန်ရောက်မယ်လို့ ယုံကြည်ပါတယ်။ တရားဥပဒေ စိုးမိုးရေးတို့ ဆိုရင် အရေးကြီးပေမယ့် တရားဥပဒေစိုးမိုးမှုက နေရာ တော်တော်များများမှာ ကင်းလွတ်နေပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကလည်း ရမလိုလိုနဲ့ အခု အလှမ်းဝေး သွားတယ်လို့တောင် ခံစားရပါတယ်။ ဒါကြောင့် ဒီနေ့ ဆန္ဒပြတောင်း ဆိုမှု တွေဟာ တိုင်းပြည်တိုးတက်ဖို့ ဖြစ်သင့်တဲ့ကိစ္စတွေဖြစ်လို့ ဆန္ဒထုတ်ဖော်တဲ့ နေရာမှာ ပူးပေါင်းပါဝင်တာပါ” ဟု ပခုက္ကူမြို့ခံတစ်ဦးက ဆိုသည်။

ယခုပြုလုပ်ခဲ့သော ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ တရားဝင် ခွင့်ပြုမိန့် ချထားပေးခဲ့ခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်မှု ပြုလုပ်နေစဉ် ဒေသခံအများ အပြား မှလည်း လမ်းဘေးဝဲယာမှ လက်ခုပ်တီးထောက်ခံမှုများ ပြုလုပ် ခဲ့ကြသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List