Saturday, November 22, 2014

သိပ္ပံနှင့်နည်းပညာ ကျောင်းသားများ စည်းကမ်းဖောက်ဖျက်မှု စာရင်းထုတ်ပြန်



မန္တလေး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများတွင် ၂၀၁၃-၁၄ ခုနှစ်၊ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသူ/ကျောင်းသားများ၏ ယာဉ်မတော် တဆ ဖြစ်ပွားမှုများ၊ ခိုက်ရန်ဖြစ်ပွား မှုများ၊ ကျောင်းစည်းကမ်း ဖောက်ဖျက်မှု များနှင့် အခြားသော မတော်တဆ ဖြစ်ပွားမှုများကို သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်ထားသည်ဟု နည်းပညာ တက္ကသိုလ် (မန္တလေး) မှ သိရသည်။
အဆိုပါ ထုတ်ပြန်ထားသောစာများအား သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ ကျောင်းအသီးသီးသို့ နိုဝင်ဘာလ ၁၁ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ၂၀၁၃ -၁၄ ပညာသင်နှစ်အတွင်းတွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ယာဉ်မတော်တဆမှု ဖြစ်စဉ်ပေါင်း ၃၅ မှုဖြစ်ပွားခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရနှင့် သေဆုံးသူပေါင်း ၁၇ ဦးရှိသည်ဟု ဆိုသည်။

ထို့ပြင် ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုနှင့် ကျောင်းစည်းကမ်းထိန်း သိမ်းရေး ဖောက်ဖျက်မှုတို့ကြောင့် ကျောင်းမှထုတ်ပယ်၊ စာသင်နှစ်ရပ်နား၊ ခံဝန်ကတိ ရေးထိုးသူပေါင်း ၅၂ ဦးရှိခဲ့သည်ဟုဆိုသည်။

အခြားသော မတော်တဆဖြစ်ပွားမှုများကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသူ ၄ ဦး၊ သေဆုံးသူ ၁၃ ဦး ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ညွှန်ကြားချက်ထဲကအတိုင်း လုပ်ဖို့ကတော့ မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာလည်း စာသင်တာ တစ်ဖက်နဲ့ပြီးတော့ ဒါတွေကို ပြောတော့လည်း သူတို့က နားထောင်ဦးမှ၊ ဒီလိုတွေပြောဖို့ အချိန်တစ်ချိန် သတ်မှတ်မှ ဖြစ်လိမ့်မယ်” ဟု နည်းပညာတက္ကသိုလ် (မန္တလေး) မှ ဌာနမှူး တစ်ဦးက ပြောသည်။

နည်းပညာ တက္ကသိုလ်အားလုံး၏ ပညာသင်နှစ်ကို၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List