Saturday, November 22, 2014

(၂၀၁၅)ခုနှစ်တွင် အီဘိုလာ ကူးစက်မှုကို အပြည့်အဝ ထိန်းချုပ်နိုင်မည်ဟု ဘန်ကီမွန်းပြောကြား



အနောက်အာဖရိကတွင် ပျံ့နှံ့ကူးစက်နေပြီး တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေ သည့် အီဘိုလာ ရောဂါကို (၂၀၁၅)ခုနှစ်တွင် ထိန်းချုပ် ဟန့်တားနိုင်မည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက ပြောကြားလိုက်သည်။တောင်ကို ရီးယား နိုင်ငံသား ဘန်က ယခုနှစ်အတွင်း လျင်လျင်မြန်မြန် ကူးစက်ပျံ့နှံ့ခဲ့သည့် အီဘိုလာ၏ အရှိန်အဟုန်သည် တဖြ ည်းဖြည်း ကျဆင်းလာနေကြောင်း ဆိုသည်။ 
သို့သော်လည်း မာလီနိုင်ငံတွင် ရောဂါထိန်းချုပ်ရေး ကဏ္ဍ၌ တိုးတက်မှု နှေးကွေးနေသည့်အပေါ် စိုးရိမ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

ဂီနီရာ၊ ဆီရီယာလီယွန်နှင့် လိုက်ဘေးရီးယားတို့သည် အီဘိုလာရောဂါ အဆိုးရွားဆုံး ကူးစက်ခံရသည့် နေရာများဖြစ်ပြီး နိုက်ဂျီးရီးယား၊ စပိန်၊ မာလီနှင့် အမေရိကန် ပြည်ထောင်စုတို့သို့လည်း ရောဂါပိုး ရောက်ရှိခဲ့သည်။ ယခုအခါ အီဘိုလာ ကြောင့် သေဆုံးသူ အရေအတွက်သည် (၅၅၀၀)နီးပါးထိ ရှိလာပြီဖြစ်သည်။

ဘန်က “လက်ရှိ တာဝန်ယူ လုပ်ဆောင်မှုတွေရဲ့ အရှိန်အဟုန်အတိုင်း ရှေ့ဆက်နိုင်မယ် ဆိုရင်တော့ ကျွန်တော်တို့ဟာ အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားနေမှုကို ရပ်တန့်နိုင်ပါလိမ့်မယ်။ လာမယ့်နှစ် အလယ်လောက်မှာ ဆိုပါတော့”ဟု ပြောကြားခဲ့သည်။

၎င်းက “လက်ရှိ အနေအထားဟာ ပွဲပြီးပြီလို့ မဆိုနိုင်သေးပါဘူး။ အီဘိုလာ ကူးစက်မှု သုညဂဏန်း ရောက်တဲ့ထိ ကျွန်တော်တို့ ဆက်သွားရပါမယ်။ အီဘိုလာဆိုတာ ရောဂါရှင် နည်းနည်းပါးပါးလောက် ကျန်နေရုံနဲ့ စိတ်အေးလို့ရတဲ့ ရောဂါမျိုး မဟုတ်ပါဘူး။ ရောဂါသည် တစ်ယောက် ရှိနေသေးသ၍ ကိုယ်က လုံလောက်တဲ့ လုပ်ဆောင်မှုမျိုး ပြီးမြောက်ပြီလို့ ပြောနိုင်မှာ မဟုတ်ဘူး”ဟုလည်း ဆိုသည်။

WHO အကြီးအကဲ မာဂရက်ချန်သည် အီဘိုလာ ကူးစက်မှု မှတ်တမ်းများ တွေ့ရှိရသည့်နောက် ပြီးခဲ့သည့် သီတင်းပတ်က မာလီသို့ သွားရောက်ခဲ့သေးသည်။ မာလီတွင် အီဘိုလာ ရောဂါသည်များကို ကုသပေးနေသည့် ဆရာဝန်တစ်ဦး သေဆုံး ခဲ့ပြီးနောက်ပိုင်း ရောဂါထိန်းချုပ်ရေးကို ပိုမို အားထည့် လုပ်ဆောင်လာခဲ့သည်။ ယခုအခါ မာလီ အာဏာပိုင်များက အီဘိုလာ ကူးစက်ခံရကြောင်း သံသယရှိသူ (၅၀၀)ကျော်ကို စောင့်ကြည့်နေသည်။

အီဘိုလာသည် ရောဂါပိုးရှိသူ၏ ခန္ဓာကိုယ်မှထွက်သည့် အရည်များမှတစ်ဆင့် တိုက်ရိုက်ကူးစက်လေ့ရှိပြီး အပျင်းဖျားခြင်း၊ အော့အန်ခြင်းတို့ ဖြစ်ပေါ်တတ်သည်။ ရောဂါသည်များကို စနစ်တကျ ကာကွယ်မှု မရှိသည့် ဝတ်စုံမျိုးဖြင့် ကိုင်တွယ်ခြင်း၊ သယ်ဆောင်ခြင်းမျိုးတို့မှတစ်ဆင့် အလွယ်တကူ ရောဂါကူးစက်နိုင်ကြောင်းလည်း ကျွမ်းကျင်သူများက သတိပေးထားသည်။

Ref: BBC
7Day News Journal

No comments:

Post a Comment

My Blog List