Saturday, November 22, 2014

အီရန်နျူကလီးယား ဆွေးနွေးပွဲ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်


သြစတြီးယားနိုင်ငံ ဗီယန်နာမြို့မှာ ပြုလုပ်နေတဲ့ အီရန် နျူကလီးယားအရေး P5+1  အစည်းအဝေးမှာ သဘောထားကွဲလွဲချက် ကွာဟနေတုန်းပဲလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဖိလစ် ဟမ်မွန်က နိုဝင်ဘာ 
၂၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး မွတ်ဟာမက် ဂျာဗတ် ဇာအစ်ဟာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ပြင်သစ် နိုင်ငံခြား ရေးဝန်ကြီး လော့ရန့် ဖာဘီယက်နဲ့ အီးယူ နိုင်ငံခြားရေးရာ အကြီးအကဲ ဟောင်း ကက်သရင်း အက်စတွန် တို့နဲ့ တွေ့ဆုံပါတယ်။

အဲဒီနောက်မှာ အီရန် နိုင်ငံခြားရေး ၀န်ကြီးဟာ ဗြိတိန်နဲ့ ပြင်သစ်က ကိုယ်စားလှယ်တွေနဲ့ သီးသန့် တွေ့ဆုံပြီး ဗြိတိသျှ ကိုယ်စားလှယ်အဖွဲ့နဲ့  ၄ နာရီကြာ တွေ့ဆုံခဲ့ပါတယ်။

အစည်းအဝေးအပြီးမှာ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးက နောက်ဆုံးသဘော တူညီချက်ရဖို့အတွက် သဘော ထားကွာဟမှုက ကြီးကြီးမားမား ရှိနေတယ်လို့ ပြောပါတယ်။

“လေးလေးနက်နက် ဆွေးနွေးခဲ့ပေမယ့် ဒီကိစ္စဟာ နက်နဲတဲ့ ကိစ္စဖြစ်တဲ့အတိုင်း သဘောထားကွာဟာချက် က ကြီးကြီးမားမား ရှိနေတယ်” လို့ ပြောပါတယ်။ နောက်ထပ် အသေးစိတ်ကိစ္စတွေကို ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

အစောပိုင်း သတင်းတွေအရ အီရန် နိုင်ငံခြားရေး ၀န်ကြီးဟာ အီရန်ကို ပြန်ပြီး နောက်ဆုံး တိုးတက်မှု အခြေအနေကို သမ္မတ ဟက်ဆန် ရူဟာနီကို  တင်ပြဖို့ ရှိပေမယ့် အီရန် နိုင်ငံခြားရေး ၀န်ကြီးက ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးကလည်း မူလက ပါရီကို လေယာဉ်နဲ့ သွားပြီး အီးယူ အရာရှိတွေနဲ့ ဆွေးနွေးဖို့ စီစဉ်ထားတာကို ဖျက်သိမ်းပြီး ဗီယန်နာမှာပဲ ဆက်နေပြီး ဆွေးနွေးပွဲကို ဆက်မယ်လို့ အမေရိကန်က ကြေညာထားပါတယ်။

အနောက်တိုင်း နိုင်ငံခြားရေးရာ အရာရှိတွေရဲ့ အဆိုအရ အီရန်ရဲ့ ယူရေနီယံ သန့်စင်ရေး အတိုင်းအဆနဲ့ ပတ်သက်လို့ အဓိက ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

P5+1 အစည်းအဝေးမှာ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ တရုတ်၊ ရုရှား၊ ပြင်သစ်၊ ဂျာမနီ တို့ ပါဝင်ပြီး နိုဝင်ဘာ ၂၄ ရက်နေ့ နောက်ဆုံးရက် မတိုင်ခင်မှာ သဘောတူညီချက်ရရှိဖို့ ညှိနှိုင်းနေတာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List