Thursday, November 20, 2014

ဟောင်ကောင်ပါလီမန်ထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်


ဟောင်ကောင်မြို့လယ် အချက်အချာကျသော နေရာရှိ ဒီမိုကရေစီ သပိတ်စခန်းကို ရဲနှင့် အာဏာပိုင်များက ရှင်းလင်းဖယ်ရှားစဉ်က ဆန္ဒပြသူများက ငြိမ်းချမ်းစွာ တုံ့ပြန်ခဲ့ကြသော်လည်း ဟောင်ကောင်ပါလီမန် ပိုင်နက်ထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ ဗုဒ္ဓဟူးနေ့က ထိပ်တိုက် ပဋိပက္ခ ဖြစ်ပေါ်ခဲ့ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။ 

ယမန်နေ့က တရားရုံးတော်၏ အမိန့်အရ ရက်သတ္တပတ်များစွာ ဒီမိုကရေစီ အင်အားစုများနှင့် ကျောင်းသား
ခေါင်းဆောင်များ သိမ်းပိုက်ထားသော မြို့လယ်ရှိ သပိတ်စခန်းကို ရဲတပ်ဖွဲ့ဝင်များက စတင် ရှင်းလင်းဖယ် ရှားခဲ့ရာတွင် ဆန္ဒပြသူများက အေးချမ်းစွာပင် ရှောင်ဖယ်သွားခဲ့ကြောင်း၊ သို့သော် နောက်တစ်နေ့ ဆန္ဒပြ သူများက ပါလီမန်လွှတ်တော်ထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းရာ၌ ရဲများနှင့် ထိပ်တိုက်တွေ့ကာ ရုန်းရင်းဆန် ခတ် ဖြစ်ခဲ့ကြကြောင်း အာဏာပိုင်များနှင့် ဆန္ဒပြသူများက ဆိုသည်။ 

ဆန္ဒပြသူများက ဥပဒေပြုလွှတ်တော် အဆောက်အအုံ၏ ပြတင်းပေါက် မှန်များကို ဖျက်ဆီးဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် ဆန္ဒပြသူ မည်မျှ အဆောက်အအုံထဲသို့ ဝင်ရောက်သွားနိုင်ခဲ့သည်ကို ရှင်းရှင်းလင်း လင်း မသိရသေးကြောင်း ၎င်းတို့ကဆိုသည်။ 

ရဲတပ်ဖွဲ့ဝင်များကလည်း နံပါတ်တုတ်များ၊ ငရုတ်ကောင်းရည် ဖျန်းဆေးများ အသုံးပြုကာ လူစုခွဲရန် ကြိုးပမ်း ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့် ပါဝင် နှိမ်နင်းခဲ့ကြသည်။ 

အဆိုပါ ရုန်းရင်းဆန်ခတ် ဖြစ်ရပ်အတွင်း ဆန္ဒပြသူလေးဦး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာရရှိသွားသည်။ 

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ဒီမိုကရေစီ လိုလားသော ဥပဒေပြုအမတ် အချို့နှင့် ဆန္ဒပြခေါင်းဆောင်များ က ကန့်ကွက်ပြောဆိုပြီး ဆန္ဒပြသူများ အနေနှင့် အကြမ်းမဖက်၊ ငြိမ်းချမ်းစွာ ဖြေရှင်းသည့် နည်းလမ်းကို ဆက်လက်ကျင့်သုံးသွားကြရန် တိုက်တွန်းသည်။ 

ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် ကျောင်းသားခေါင်းဆောင် ဂျိုဆာဝေါင်က ၎င်းတို့အနေနှင့် ရဲများနှင့် ခိုက်ရန် မဖြစ်ပွားကြရန် ဆန္ဒပြသူများကိုညွှန် ကြားထားပြီး ဖြစ်သည်ဟုပင် ဆိုခဲ့သေးသည်။ 

မကြာသေးခင် ရက်ပိုင်းအတွင်း ဟောင်ကောင်တက္ကသိုလ်က ပြုလုပ်ခဲ့သော စစ်တမ်းတစ်ရပ်အရ ဟောင်ကောင်ပြည်သူ သုံးပုံနှစ်ပုံကျော်ခန့်က အချက်အချာကျသော နေရာများကို ပိတ်ဆို့ကာ သပိတ်စခန်း ဖွင့်ထားမှုအား အဆုံးသတ်စေလိုကြောင်း သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List