Thursday, November 20, 2014

မြောက်ကိုရီးယားကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး၌ စစ်ဆေးအရေးယူရန် ကုလလူ့အခွင့်အရေးကော်မတီ တောင်းဆို


ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီသည် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းအရ မြောက်ကိုရီးယား အစိုးရအား အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးတွင် ရုံးတင်စစ်ဆေး အရေးယူရန် လုံခြုံရေးကောင်စီကို တောင်းဆိုလိုက်ကြောင်း BBC တွင် ဖော်ပြပါရှိသည်။

လူ့အခွင့်အရေးကော်မတီသည် ပြုံယမ်းအုပ်ချုပ်ရေး၏ လူမဆန်သည့် ရာဇ၀တ်မှုများကို အတွင်းကျကျ လေ့လာဆန်းစစ်၍ အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယင်းအဆိုသည် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ထောက်ခံမဲ ရရှိရန် လိုအပ်နေသေးသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီက ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ အစီရင်ခံစာတွင် မြောက်ကိုရီးယားနိုင်ငံသားများ သည် ပြောမပြနိုင်စွမ်းသည့် ရက်စက်ယုတ် မာမှုများဖြင့် ရင်ဆိုင်နေရကြောင်း ထည့်သွင်းရေးသားထား သည်။

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ညှဉ်းပန်းနှိပ်စက်မှု၊ နိုင်ငံရေး ဖိနှိပ်ချုပ်ချယ်မှုနှင့် အခြား ရာဇ၀တ်မှုများအတွက် သက်သေကြားနာ ခဲ့ပြီးနောက် မြောက်ကိုရီးယားတွင် ပေါ်ပေါက်ခဲ့သည့် လူ့အခွင့် အရေး ချိုးဖောက်မှုများကို အသေးစိတ် မှတ်တမ်းတင် အဆိုပြုနိုင်ခဲ့သည်။

ယင်း အဆိုပြုချက်အား ယမန်နေ့က မဲခွဲဆုံးဖြတ်ခဲ့ရာ ၁၁၁ နိုင်ငံက ထောက်ခံပြီး ၁၉ နိုင်ငံက ကန့်ကွက် ကာ အခြား ၅၅ နိုင်ငံက မဲမပေးဘဲ နေခဲ့သည်။ လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာကိုင်ထားသည့် တရုတ်နှင့် ရုရှားသည် ယင်းအဆိုပြုချက်ကို ကန့်ကွက်လိုက်ကြသည်။

ချို့ငဲ့လှသည့် လူ့အခွင့်အရေး မှတ်တမ်းအပေါ် ဆုံးဖြတ်ချက်ချမှတ်ရာတွင် မြောက်ကိုရီးယားအပေါ် ရှုတ်ချခဲ့ကြပြီး ယင်းရာဇ၀တ်မှုများအပေါ် မြောက်ကိုရီးယားအစိုးရမှ တာဝန်ယူလာစေရန် အရေးယူပိတ် ဆို့မှုများ ပြုလုပ်ရေး လုံခြုံရေးကောင်စီကို တိုက်တွန်း ဆွေးနွေးခဲ့ကြသည်။

ယင်းအစီရင်ခံစာကို ဦးဆောင်ရေးသားခဲ့သည့် မိုက်ကယ်ကာဘီက ယခုလှုပ်ရှားမှုကို လူ့အခွင့်အရေး ကာကွယ်မှုအတွက် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်အဖြစ် ညွှန်းဆိုခဲ့သည်။

“လုံခြုံရေးကောင်စီက အမှုဖွင့်မှ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးက တရားစီရင်ခွင့်ရှိတာ၊ နယူးယောက်မှာ ထောက်ခံမဲ အများကြီး ရလိုက်တာဟာ လမ်းကြောင်းမှန်အတွက် ခြေလှမ်းအစပဲ” ဟု ၎င်းက ပြောကြား သည်။ လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း လုံခြုံရေးကောင်စီက ယင်းအဆိုပြုချက်ကို မဲခွဲဆုံးဖြတ် မည်ဖြစ်သည်။ 

ကာလရှည်ကြာစွာ မဟာမိတ်အဖြစ်ရပ်တည်လာသည့် တရုတ်နိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ် ခုံရုံးတွင် လုံခြုံရေးကောင်စီမှ အမှုမဖွင့်နိုင်ရန် ဗီတိုအာဏာသုံး၍ ပယ်ချသွားမည်ဟု ကုလသမဂ္ဂ ကိုယ် စားလှယ်များက ပြောသည်။ 

မြောက်ကိုရီးယား၏ လူ့အခွင့်အရေး အခြေအနေသည် အခြားနိုင်ငံများ၏ အခြေအနေများထက် သက်တမ်း ပိုမိုကြာမြင့်နေပြီ ဖြစ်သကဲ့သို့ ပိုမိုပြင်းထန်ဆိုးရွားသည်ဟု ကုလသမဂ္ဂ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
နိုင်ငံရေး ပြစ်မှုဖြင့် စွပ်စွဲခံကြရသူများသည် အကျဉ်းစခန်းများသို့ ရောက်ရှိခဲ့ပြီးနောက်တွင် ကွယ်ပျောက် သွားကြသည်ဟု ယင်းအစီရင်ခံစာတွင် ပါရှိသည်။ 

အဆိုပါ အကျဉ်းထောင်များတွင် အစာရေစာ မတိုက်ကျွေးဘဲထားခြင်း၊ အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်း၊ ကွပ်မျက်ခြင်း၊ ညှဉ်းပန်းခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် ကိုယ်ဝန်ဖျက်ချစေခြင်း၊ မွေးကင်းစကလေးကို သတ်ဖြတ်ခြင်း စသည်တို့ကို ကျူးလွန်ခြင်း ခံနေရသည်ဟု ဆိုထားသည်။

ယင်းအစီရင်ခံစာသည် မြောက်ကိုရီးယားမှ ထွက်ပြေးလွတ်မြောက်လာ သူများနှင့် တွေ့ဆုံမေးမြန်းမှုများ အပေါ် အခြေခံထားကာ လွန်ခဲ့သည့် ဆယ်စုနှစ် ၅ ခုစာအတွင်း နိုင်ငံရေး အကျဉ်းသား သိန်းနှင့်ချီ၍ သတ်ဖြတ်ကွပ်မျက်ခြင်း ခံခဲ့ရသည်ဟု ပါရှိသည်။

ယင်းသို့ သတ်ဖြတ်ခံကြရသူများတွင် မိခင်ဖြစ်သူအား ကိုယ့်ရင်သွေးကို ရေနှစ်သတ်စေခြင်း၊ ကလေးငယ် များကို မွေးကတည်းက ထောင်တွင်း၌သာ ထား၍ အစားမကျွေး၊ ရေမတိုက် ထားခြင်းနှင့် တိုင်းတစ်ပါး လူမှုဘ၀ပြဇာတ်ကို ကြည့်မိ၍ ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် သေဆုံးခဲ့ရသူများလည်း ပါဝင်သည်။
မြောက် ကိုရီးယားက ကုလသမဂ္ဂ၏ အစီရင်ခံစာကို ပူးတွဲဖြေရှင်းပေးရန် ငြင်းဆန်လိုက်ပြီး ယင်းတွင် ပါဝင်သည့် ကောက်ချက်များကိုလည်း ပယ်ချခဲ့သည်။

အထက်ပါ အဆိုပြုချက်အား မဲခွဲဆုံးဖြတ်ရာတွင် မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရာရှိ ချိုမြောင်နမ်က ယခုထက်ပို၍ နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုများ ပေါ်ပေါက်လာနိုင်သည်ဟု ကော်မတီ အား သတိပေးလိုက်သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် မြောက်ကိုရီးယားကို အပြစ်ပေးခြင်းသည် နျူးကလီးယား စမ်းသပ်မှု ထိန်းချုပ်ထားမှု ပြေလျော့စေရန် အကျပ်ကိုင်သည့်အနေအထား ဖြစ်သည်ဟု ၎င်းကဆိုသည်။မြောက်ကို ရီးယားသည် နျူကလီးယား စမ်းသပ်မှု သုံးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီး နိုင်ငံတကာ ဆွေးနွေးမှုများတွင် ၎င်းတို့၏ နျူကလီးယား ရည်မှန်းချက်များ အဆုံးသတ်ရေး ပစ်မှတ်ထားခဲ့ကြသော်လည်း ယတိပြတ် မရပ်တန့်သေးဘဲ နှစ်ပေါင်းများစွာ ကြန့်ကြာနေလျက်ရှိသည်။

ကျော်လင်းထွန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List