Tuesday, November 18, 2014

မွေးကင်းစကလေးနှင့် လူကြီးတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပါဆယ်ထုပ်ထဲ တွေ့ရှိ


မွေးကင်းစကလေးနဲ့ လူကြီးတို့ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို စာတိုက်ကနေ အမေရိကန်ကို ပို့ဖို့ကြိုး စားခဲ့တယ်လို့ သံသယရှိထားတဲ့ အမေရိကန် ခရီးသည် ၂ ယောက်ဟာ ထိုင်းနိုင်ငံထဲကနေ ထွက်သွားပြီလို့ ထိုင်းရဲတွေက နိုဝင်ဘာလ ၁၇ ရက်နေ့က ပြောပါတယ်။

ဘန်ကောက်မြို့မှာရှိတဲ့ DHL အမြန်ချောပို့လုပ်ငန်းက အရာရှိတယောက်က ချောစာထုပ်တွေကို စကင်ဖတ် စစ်ဆေးအပြီး ချောစာထုပ်တွေထဲမှာ ကလေးခေါင်းနဲ့ ခြေထောက်အစိတ်အပိုင်း တွေနဲ့ အရွယ်ရောက်ပြီး လူတယောက်ရဲ့ ထိုးသွင်း ဒဏ်ရာတွေပါတဲ့ နှလုံးတခုနဲ့ ဆေးမင်ထိုး ထားတဲ့ အရေပြား အပိုင်းအစ ၂ ခုကို အောက်တိုဘာလ ၁၅ ရက်နေ့က  တွေ့ခဲ့ပါတယ်။

ချောစာထုပ်တွေကို ပေးပို့ရမယ့်လိပ်စာကိုတော့ နီဗားဒါးပြည်နယ် လပ်စ်ဗီးဂတ်စ်မြို့ကို လိပ်မူထားပါတယ်။ ပေးပို့သူ အမေရိကန်နိုင်ငံသား ရိုင်ယန် အက်ဒွပ် မက်ဖာဆန်နဲ့ ဒန်နီယယ် ဂျာမွန်တန်နာတို့ ၂ ယောက်လုံး နိုင်ငံအရှေ့ပိုင်းက စစ်ဆေးရေးစခန်းကနေတဆင့် ထိုင်းနိုင်ငံ တွင်းက ထွက်သွားပြီလို့ တော်ဝင် ထိုင်းရဲ တပ်ဖွဲ့က အရာရှိ ရူအန်ဆခ် ကျရိတိတ်ခ် က ပြောပါတယ်။

ဒီအရေးကို ဘယ်လိုတရားစွဲမှုမှ မလုပ်ရသေးဘဲ ဘယ်လိုပုဒ်မမျိုး တပ်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ နောက်ထပ် စုံစမ်းစစ်ဆေးစရာတွေ လိုအပ်နေတယ်လို့ ရဲတွေက ပြောပါတယ်။ ဆရာဝန်တွေရဲ့ ကနဦး စစ်ဆေးချက် အရ နှလုံးနဲ့ ဆေးမင်ကြောင်ထိုး အရေပြား ၂ စမှာ ထိုးသွင်းဒဏ်ရာ အမှတ်အသားတွေ ရှိနေလို့ လူသတ် မှုနဲ့ ပတ်သက်မှု ရှိမရှိ အဖြေရှာရမယ်လို့ ရဲက ပြောပါတယ်။

ထိုင်းရဲချုပ်ကတော့ ဒီပစည်းတွေ ဘယ်ကိုတကယ်ပို့ဖို့ ရည်ရွယ်လဲဆိုတာနဲ့ ဘာအတွက် သုံးမှာလဲ ဆိုတာ ကို စုံစမ်းစစ်ဆေးဖို့ အမေရိကန်စုံ စမ်းထောက်လှမ်းရေးဗျူရို FBI ကို ဆက်သွယ်မယ်လို့ ပြောပါတယ်။

ချူလာလောင်ကောင်တက္ကသိုလ် မှုခင်းဆေးပညာဌာနမှူးနဲ့ မှုခင်းဆေး ပညာရှင် လက်ထောက် ပါမောက်ခ ဥဒွန်ဆခ် ဟူးဝီဂျစ်က မွေးကင်းစ ကလေးရဲ့ ဘယ်ခြေထောက်နဲ့ ဦးခေါင်းခွံ အောက်ပိုင်း တခြမ်းကို ကြည့်ရတာ ဖြတ်တောက်ရာက သေသပ်ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်း တွေကို ဗူးတွေနဲ့ ထည့်ထားတဲ့ရည် ရွယ်ချက်က ယေဘူယျအားဖြင့် ပညာရေး ရည်ရွယ်ချက် ဒါမှမဟုတ် ပြတိုက်မှာထားဖို့ ဖြစ်လေ့ရှိတယ်။ တခြားကိစ္စဆိုရင် ဒီပုံစံမဟုတ်ဘူးလို့ ပြောပါတယ်။

ဘန်ကောက်ဆေးရုံကတော့ ဒီကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဟာ ခန္ဓာဗေဒပြတိုက်ကနေ လာတာ ဖြစ်ကောင်းဖြစ်မယ်လို့ ပြောခဲ့ပါတယ်။ အစောပိုင်းသတင်းတွေမှာတော့ ထိုင်းမှော်ပညာရပ် အစီအရင်တွေ နဲ့ ပတ်သက်မယ့် ခန့်မှန်းချက်တွေကို အစီရင်ခံခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List