IS စစ်သွေးကြွများကို ကြောက်လန့်၍ စက်တင်ဘာ ၁၉ ရက်မှစ၍ ဆီးရီးယားနိုင်ငံမှ လူတစ်သိန်းခန့် တူရကီနိုင်ငံအတွင်း ၀င်ရောက်ခဲ့ရာ ယခုအခါ တူရကီအစိုးရက နယ်စပ်ဝင်ပေါက်အများအပြားကို ပိတ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ကိုဘိန်းမြို့မှ ထွက်ပြေးလာသည့် ဒုက္ခသည်များအတွက် စက်တင်ဘာ ၁၉ ရက်မှစတင်၍ တူရကီက ၎င်း၏ နယ်စပ်အရှည် ၁၉ မိုင်အတွင်းရှိ ၀င်ပေါက် ကိုးခုကို ဖွင့်ပေးခဲ့ပြီး စက်တင်ဘာ ၂၂ ရက်တွင် နှစ်ခုသာ ဖွင့်ပေးတော့ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ထားသည်။
အဆိုပါ ဒုက္ခသည်များနှင့် တူရကီလုံခြုံရေးတပ်ဖွဲ့ဝင်များအကြား စက်တင်ဘာ ၂၁ ရက်ကလည်း ရုန့်ရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ အချို့ဒုက္ခသည်များကလည်း IS စစ်သွေးကြွများကို တိုက်ခိုက်ရန် ဆီးရီးယားသို့ ထွက်ခွာသွားကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ယခုထွက်ပြေးလာသည့် ဒုက္ခသည်အများစုသည် စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုအန္တရာယ်ကို ကြုံတွေ့နေရသည့် ကိုဘိန်းမြို့မှ ဖြစ်ကြောင်း သိရသည်။
နောက်ဆုံးရွှေ့ပြောင်းလာသည့် ဒုက္ခသည်များအပြင် တူရကီနိုင်ငံတွင် ဆီးရီးယားဒုက္ခသည် တစ်သန်းကျော်ရှိနေပြီး ၎င်းတို့သည် လွန်ခဲ့သည့် သုံးနှစ်ခန့်က စတင်ပြီး ဆီးရီးယား သမ္မတဘာရှာအာဆတ်အား ဆန့်ကျင်တော်လှန်သည့် ကာလနောက်ပိုင်း ရောက်ရှိလာခြင်းဖြစ်သည်။
တူရကီနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရရှိရန် လက်နက်ကိုင်တိုက်ခိုက်နေပြီး စစ်သွေးကြွအဖွဲ့အဖြစ် သတ်မှတ်ခံထားရသည့် Kurdistan Workers' Party ကလည်း ကာ့ဒ်လက်နက်ကိုင် တပ်ဖွဲ့များကို ဖိတ်ခေါ်ထားပြီး IS စစ်သွေးကြွ များကို တိုက်ခိုက်ရန် ဖိတ်ခေါ်ထားသည်။
Ref:BBC
Mizzima - News in Burmese
No comments:
Post a Comment