မေးခွန်းမေးမြန်းမှုနှင့် အဆိုတင်သွင်းဆွေးနွေးမှုမရှိသော အမတ်များ ပြည်သူ့လွှတ်တော်တွင် ၂၁၇ ဦးနှင့် အမျိုးသားလွှတ်တော်တွင် ၉၀ ဦးရှိသည်ဟု စက်တင်ဘာ ၂၁ ရက်တွင် ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ ထုတ်ပြန်သော လွှတ်တော်စောင့်ကြည့်လေ့လာရေး အစီရင်ခံစာမှ သိရှိရသည်။
ရွေးကောက်တင်မြှောက်ခံရဖူးသူ ပြည်သူ့လွှတ်တော်တွင် ၅၀၈ ဦးအနက်မှ ၂၁၇ဦးနှင့် အမျိုးသား လွှတ်တော်တွင် ၂၃၅ဦးအနက်မှ ၉၀ဦးတို့မှာ လွှတ်တော်စတင်ကျင်းပသော ပထမပုံမှန်အစည်းအဝေးမှ နဝမပုံမှန် အစည်းအဝေးအထိ မေးခွန်းမေးမြန်းမှုနှင့် အဆိုတင်သွင်းမှုမရှိခဲ့ကြောင်း အစီရင်ခံစာမှ သိရ သည်။
“အဆိုတစ်ခုဆိုတာက အတည်ပြုလိုက်ပြီဆိုလို့ရှိရင် နိုင်ငံမှာ ကျင့်သုံးရမယ်။ ကျင့်သုံးမယ်ဆိုလို့ရှိရင် နိုင်ငံသားတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် စသဖြင့် ဒါတွေနဲ့ဆိုင်တယ်။ ဆိုတော့ အဲလောက် အရေးကြီး တဲ့အဆိုတွေကို ဆုံးဖြတ်တဲ့အခါကျရင် လွှတ်တော်ကိုယ်စားလှယ်တွေ နည်းနည်းပဲ ပါဝင်ဆွေးနွေးနိုင်တဲ့ အဆိုထက်စာရင် များများပါဝင်ဆွေးနွေးနိုင်တဲ့ အဆိုတွေ ဖြစ်သင့်တယ်လို့ ကျွန်တော်တို့က မြင်ပါတယ်” ဟု ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ ဒါရိုက်တာ ကိုဧခိုင်က ဆိုသည်။
ပြီးခဲ့သော သတ္တမအကြိမ်ပုံမှန်အစည်းအဝေးမှ နဝမအကြိမ်ပုံမှန် အစည်းအဝေးအတွင်း ပြည်သူ့လွှတ်တော် ၌ စုစုပေါင်းအဆို ၁၂ ခု တင်သွင်းဆွေးနွေးရာတွင် လွှတ်တော်အမတ် ၇ ဦးက ၈ ကြိမ်းဆွေးနွေးခဲ့သဖြင့်
တစ်ဦးလျှင် တစ်ကြိမ်မျှသာ ဆွေးနွေးမှု ရှိခဲ့ခြင်းကြောင့် လွှတ်တော်တွင် တင်ပြသောအဆိုများမှာ ရှုထောင့် ပေါင်းစုံမှ မြင်ထားသော အမြင်များဖြစ် မဖြစ်မှာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း သိရသည်။
လွှတ်တော်အမတ်များအနေဖြင့် အဆိုများအပေါ်ဆွေးနွေးနိုင်ရန်အတွက် အရည်အသွေးပိုင်းဆိုင်ရာတွင် တိုးရန် ကြိုးစားရန် လိုအပ်နေကြောင်းလည်း ထုတ်ပြန်သော အစီအရင်ခံစာတွင်ဖော်ပြထားသည်။
“သဘောက ကိုယ်တစ်ယောက်တည်း မတတ်နိုင်ဘူး။ မဖြစ်နိုင်ဘူးဆိုလို့ရှိရင် ကျွမ်းကျင်တဲ့သူတွေနဲ့ တိုင်ပင်သင့်တာတွေရှိတယ်။ နောက် ပြည်သူတွေနဲ့ ပြည်သူတွေက ဘာတွေလိုလားတယ်။ ဘာတွေဖြစ်စေ ချင်နေတယ်ဆိုတာကို နားထောင်ပြီးတော့ အဲဒီနားထောင်ထားတဲ့ဟာကို တိုက်ရိုက်တင်ပြတာမျိုး မဟုတ် ဘဲ၊ အများပြည်သူနစ်နာထားတဲ့ဟာတွေကို ဘယ်လိုဥပဒေမျိုးနဲ့ ကာကွယ်မယ်ဆိုတာကို စဉ်းစားပြီး အရည် အသွေးဒီထက်ကောင်းတဲ့ အဆိုတွေကို ဖန်တီးသင့်တယ်”ဟု ကိုဧခိုင်က ဆက်လက်ပြောကြားသည်။
နိုင်ငံတော်က လွှတ်တော်အမတ်တစ်ဦးအတွက် ရွေးကောက်စားရိတ် ၅၇၃ သိန်းနှင့် အမတ်တစ်ဦးအတွက် လစာငွေ တစ်လ သုံးသိန်းနှုန်းဖြင့် ငါးနှစ်(လ၆၀)အတွက် သိန်း ၁၈၀ ထောက်ပံ့ထားကာလွှတ်တော်အမတ် တစ်ဦးအတွက် ကုန်ကျငွေစုစုပေါင်း ၇၅၃သိန်း နိုင်ငံတော်က အကုန်ကျခံထားရသည်။
သော်ဇင်စိုး
The Myanma Age
No comments:
Post a Comment