Tuesday, July 22, 2014

မြန်မာအိမ်အကူများ စေလွှတ်ရန် စင်ကာပူ၊ ဟောင်ကောင်တို့နှင့် MoU ရေးထိုးမည်



မြန်မာအိမ်အကူများကို ပြည်ပနိုင်ငံများသို့ တရားဝင် လမ်းကြောင်းဖြင့် စနစ်တကျ စေလွှတ်ရန် ဟောင်ကောင်၊ စင်ကာပူ အေဂျင်စီ အသင်းချုပ်များနှင့် နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။
ဟောင်ကောင်၊ စင်ကာပူ အေဂျင်စီအသင်းချုပ်များနှင့် မြန်မာနိုင်ငံက မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင် များအဖွဲ့ချုပ် (MOEAF) တို့က လက်မှတ်ရေးထိုး စေလွှတ်ရန် လုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ မကြာမီ သတင်းထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း MOEAF ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

“အလုပ်သမား စေလွှတ်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုး ချုပ်ဆိုပြီး အိမ်တွင်း အထောက်အကူပြု အလုပ်သမားများ စေလွှတ်ခြင်းကို စိစစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးထင်အောင်က ပြောဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း၏ အိမ်အကူ လုပ်သားများအတွက် အလုပ်ခေါ်စာများ (Demand Letters) အပေါ် ဆိုင်းငံ့ခြင်းမရှိဘဲ အမြန်ဆုံး ခွင့်ပြုပေးနိုင်ခြင်းရှိမရှိ မေးခွန်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ပြည်ပတွင် အိမ်အကူအဖြစ် သွားရောက် အလုပ်လုပ်ကိုင်သော မြန်မာ အလုပ်သမားများ ဘဝလုံခြုံရေး အာမခံချက် ရရှိရေးအတွက် နိုင်ငံတော်က စနစ်တကျ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက ပြောကြားသည်။

“ပြည်ပကို မြန်မာအမျိုးသမီးလေးတွေ အိမ်အကူ ထွက်လုပ်ရတာကို ရှက်ရမှာမဟုတ်ပါဘူး။ ဒါက ပြည်တွင်းအလုပ် အကိုင် ရှားပါးမှုကြောင့် ဖြစ်ရတာပါ။ ပြည်ပထွက်မယ့်ဟာကို စနစ်တကျ အကာအကွယ် ပေးနိုင်ဖို့ပဲ လုပ်ဆောင် သင့်ပါတယ်” ဟု ၎င်းကဆိုသည်။

စင်ကာပူနိုင်ငံသို့ မြန်မာအမျိုးသမီး အိမ်အကူများကို ၂၀၁၃ ခုနှစ် ဇွန်လမှ ယခုနှစ် ဖေဖော်ဝါရီလအထိ အိမ်အကူ ၁၃၀ ဦးကို တရားဝင် စေလွှတ်ခဲ့ပြီး ဟောင်ကောင်သို့မှု ယခုနှစ် ဖေဖော်ဝါရီလမှ ဇွန်လအထိ အိမ်အကူ ၈၀ ဦး စေလွှတ် ထားပြီး ဖြစ်ကြောင်း ဦးထင်အောင်က ပြောကြားသည်။

သို့သော်လည်း အိမ်အကူများကို ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စေလွှတ်နိုင်ရန်၊ အကာကွယ်ပေးနိုင်ရန်၊ သက်ဆိုင်ရာ နိုင်ငံများ၏ဥပဒေများအရ ပြည့်ဝသော ခံစားမှုရှိစေရန်နှင့် မတရားခိုင်းစေမှု၊ ခေါင်းပုံဖြတ်မှုများ မရှိစေရန်အတွက် စင်ကာပူနှင့် ဟောင်ကောင်နိုင်ငံများမှ အလုပ်ခေါ်စာ အသစ်များကို ဆိုင်းငံ့ထားကြောင်း ၎င်းက ဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List