Tuesday, July 22, 2014

အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဆန္ဒပြ


အမျိုးသားပညာရေး ဥပဒေမူကြမ်းသည် ဗဟိုချုပ်ကိုင်မှု ပညာရေးစနစ်ကို အခြေခံ ရေးဆွဲထားသည်ဟု ဆိုကာ မန္တလေးမြို့တော်ရှိ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးခန့်သည် ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၉ နာရီတွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း အဆိုပါ ဆန္ဒပြပွဲအရ သိရှိ ရသည်။

“ဒီအမျိုးသားပညာရေး ဥပဒေမူကြမ်းဟာ ဗဟိုရဲ့ ချုပ်ကိုင်မှုအောက်မှာ ရှိနေတဲ့ ပညာရေးစနစ် တစ်ခုကို အခြေခံထားတာပါ။ ရေးဆွဲတုန်းကလည်း ဆရာနဲ့ ကျောင်းသားတွေ မပါဝင်ခဲ့ဘူး။ ပြီးတော့ ဆရာတွေ၊ ကျောင်းသားတွေရဲ့ ပညာသင်ကြားရေးမှာလည်း လွတ်လွတ်လပ်လပ် မရှိတဲ့အတွက် ကျောင်းသားတွေ ကန့်ကွက်ဆန္ဒပြရခြင်း ဖြစ်ပါတယ်” ဟု မန္တလေးခရိုင် ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုဉာဏ်ထိန်လင်းက The Voice သို့ ပြောကြားသည်။

ယင်းပညာရေး ဥပဒေမူကြမ်းသည် တစ်ဖက်သတ် ရေးဆွဲထားခြင်း ဖြစ်ပြီး ရေးဆွဲသည့်အခါတွင် ဆရာ၊ ဆရာမများ၊ ပညာရေးလောကမှ အငြိမ်းစား ယူထားသော ဝါရင့်ဆရာ၊ ဆရာမများ ပါဝင်မှု မရှိသဖြင့် အဆိုပါ မူကြမ်းကို ပြန်လည် သုံးသပ်သင့်ကြောင်း ရတနာပုံတက္ကသိုလ် ဆရာတစ်ဦးက သုံးသပ်ပြောကြား သည်။ 

ယင်းရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကျောင်းသား၊ ကျောင်းသူများ ဆန္ဒပြခြင်းနှင့် ပတ်သက်၍ ရတနာပုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်မင်းကို မေးမြန်းရာ ဝန်ထမ်းဖြစ်နေ၍ ၎င်းအနေနှင့် ဖြေကြားနိုင်ခြင်း မရှိကြောင်း ဆိုသည်။

“သူတို့ ဆန္ဒပြတာက အမျိုးသားပညာရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ပြကြတာလို့ သိရပါတယ်။ သူတို့ဆန္ဒပြတာ မှန်ပါတယ်” ဟု ရတနာပုံတက္ကသိုလ် ပထမနှစ် မြန်မာစာဘာသာရပ် ကျောင်းသူတစ်ဦးက ဆိုသည်။

ယင်းဆန္ဒပြပွဲကို ရတနာပုံတက္ကသိုလ် ကျောင်းရှေ့တွင် ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီအထိ လမ်းလျှောက်ကာ ကျောင်းသားနှင့် ပြည်သူကို အခြေမခံသော အမျိုးသားဥပဒေမူကြမ်း အလိုမရှိ၊ ကျောင်းသားထု အခွင့်အရေး ရရှိရေး အလိုရှိ၊ မတရား ထုတ်ပြန်ထားတဲ့ ကျောင်းစည်းကမ်းများ ဖျက်သိမ်းရေး အလိုရှိ စသည့် ကြွေးကြော်သံများ ဟစ်ကြွေးကာ ဆန္ဒပြခဲ့ကြပြီး အဆိုပါ ဆန္ဒပြပွဲကို တားမြစ်မှုများ မရှိခဲ့ကြောင်း အဆိုပါ ကျောင်းသားများထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List