မြန်မာနိုင်ငံတွင် စာတိုက်လုပ်ငန်း အဆင့်မြှင့်တင်ရေး အကူအညီပေးရန် ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Fujikawa သည် ဇူလိုင်လ ၂၁ ရက်နေ့က ရန်ကုန်မြို့တော် သို့ ရောက်ရှိကြောင်း ဂျပန်သံရုံးထံမှ သိရသည်။
အဆိုပါဝန်ကြီးမှာ ဇူလိုင်လ ၂၂ ရက်နေ့တွင် မြန်မာ့စာတိုက်လုပ်ငန်း ဝန်ထမ်းများနှင့် ကြီးကြပ်ရေးမှူးများကို ဂျပန်ပညာရှင်များမှ သင်တန်းပေးခြင်းကို သွားရောက် လေ့လာမည် ဖြစ်ပြီး ဇူလိုင်လ ၂၃ ရက်နေ့တွင် နေပြည်တော်ရှိ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် သွားရောက်မည် ဖြစ်ကြောင်း ဂျပန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာ့စာတိုက်လုပ်ငန်း၏ ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်သည့် ပါဆယ်ထုပ်မျာနှင့် စာပေးပို့ခြင်းကို အချိန် အတိအကျဖြင့် ပေးပို့နိုင်ရေးအပြင် အခြားခေတ်မီ စာပို့ဝန်ဆောင်မှု လုပ်ငန်းများ မိတ်ဆက်ခြင်းများ ပြုလုပ်နိုင်ရန် အကူအညီပေးမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ပြည်တွင်းစာပို့လုပ်ငန်း အဆင့်မြှင့်ရာတွင် အကူအညီပေးရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းနှင့် ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီး Mr. Yoshitaka Shindo တို့ ဧပြီလအတွင်းက သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး မေလမှ စတင်၍ အဆင့်မြှင့်တင်ရန် လုပ်ဆောင်ခဲ့ကြောင်း ဂျပန်ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။
စာတိုက်လုပ်ငန်း မြှင့်တင်မှုကို လတ်တလောတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ကြေညာထားသည်။
The Voice Weekly

No comments:
Post a Comment