Tuesday, July 22, 2014

အီရန်ရှိ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ခြေ ရှိသော ယူရေနီယံများ ဖျက်ဆီးမှု လုပ်ငန်းစဉ် ပြီးဆုံး




အီရန်နိုင်ငံသည် ၎င်းပိုင်ဆိုင်သည့် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ခြေ ရှိသော ယူရေနီယံ သတ္တုဒြပ်စင်များ အားလုံးကို အန္တရာယ်မရှိသည့် အဆင့်သို့ လျှော့ချ ပြောင်းလဲပြီးပြီဟု ကုလသမဂ္ဂ နျူကလီးယား အေဂျင်စီက ပြောကြားကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။

အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်ကို ထိန်းချုပ်ရေး သဘောတူညီမှု၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် အီရန်နိုင်ငံက ယခုကဲ့သို့ ၎င်း၏ ယူရေနီယံများကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

နျူကလီးယား အစီအစဉ် ထိန်းချုပ်ရေး သဘောတူညီမှုကို လိုက်နာသည့် အီရန်နိုင်ငံ၏ လုပ်ဆောင်မှုကို တုံ့ပြန်သည့် အနေနှင့် အီရန်နိုင်ငံသားပိုင် ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံကို ပိတ်ဆို့ထားခြင်းအား ဖယ်ရှားပေးသွားမည်ဟု ပြီးခဲ့သော ရက်သတ္တတစ်ပတ် အတွင်းက အမေရိကန်ပြည်ထောင်စုက ပြောကြားခဲ့သည်။

ထို့အပြင် ပြီးခဲ့သော သောကြာနေ့ကလည်း အီရန်နိုင်ငံ၏ နျူကလီးယား ရည်မှန်းချက်များနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများကို လေးလထပ်မံ သက်တမ်းတိုးရန် အီရန်နှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများကြားတွင် သဘောတူညီမှု ရရှိခဲ့သည်။

စီးပွားရေး ပိတ်ဆို့မှုများကို ဖယ်ရှားပေးမည်ဟု မက်လုံးပေးခြင်းဖြင့် နျူကလီးယား အစီအစဉ်များကို ကန့်သတ်နိုင်ရန် ရည်ရွယ်၍ အီရန်နိုင်ငံနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများကြားတွင် ဆွေးနွေးပွဲများ ပြုလုပ်နေခြင်း ဖြစ်သည်။

ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံ ဖြစ်သည့် အမေရိကန်၊ ပြင်သစ်၊ တရုတ်၊ ရုရှား၊ ဂျာမနီနှင့် ဗြိတိန်တို့က အီရန်နိုင်ငံသည် နျူကလီးယား လက်နက်များ ထုတ်လုပ်နိုင်ရန် ကြိုးစားလျက် ရှိသည်ဟု စွပ်စွဲထားပြီး အီရန်နိုင်ငံကမူ နျူကလီးယား စွမ်းအင် စက်ရုံများနှင့် ဆေးပညာဆိုင်ရာ ကိစ္စရပ်များတွင် အသုံးပြုရန် ရည်ရွယ်ချက် သက်သက်ဖြင့်သာ ယူရေနီယံ ဒြပ်စင်များကို သန့်စင်ခြင်း ဖြစ်သည်ဟု ပြောကြားထားသည်။

ပြီးခဲ့သောနှစ် နိုဝင်ဘာလအတွင်းက အီရန်နိုင်ငံနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြား ပဏာမ သဘောတူညီမှု ရရှိခဲ့သည့် အချိန်တွင် အီရန်နိုင်ငံ၌ ၂၀ ရာခိုင်နှုန်း သန့်စင်ပြီး ယူရေနီယံ ၂၀၀ ကီလိုဂရမ်နှင့် အထက် ရှိနေခဲ့သည်။

၂၀ ရာခိုင်နှုန်း သန့်စင်ထားသော ယူရေနီယံသည် လက်နက်တစ်ခု အလျင်အမြန် ထုတ်လုပ်နိုင်သည့် အဆင့်တွင်ရှိပြီး ၂၀၀ ကီလိုဂရမ် ဟူသော ပမာဏသည် ဒုံးကျည်ထိပ်ဖူးတစ်ခု ပြုလုပ်ရန် လုံလောက်သော ပမာဏ ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။

အီရန်နိုင်ငံနှင့် အင်အားကြီး ခြောက်နိုင်ငံကြား ဆွေးနွေးပွဲကို လာမည့် စက်တင်ဘာလထဲတွင် ပြန်လည်စတင်မည် ဖြစ်ပြီး နိုဝင်ဘာလ ၂၄ ရက်နေ့ နောက်ဆုံးထား၍ သဘောတူညီမှုတစ်ရပ် ရရှိအောင် ဆွေးနွေးကြမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List