Friday, July 25, 2014

သိမ်းဆည်းခံ လယ်ယာ၊ ဖမ်းဆီးခံ လယ်သမားများနှင့်ပတ်သက်၍ ၈၈ မျိုးဆက်အဖွဲ့ (ငြိမ်း/ပွင့်) မှ သဘောထားကြေညာချက် ထုတ်ပြန်


သိမ်းဆည်းခံ လယ်ယာ၊ ဖမ်းဆီးခံ လယ်သမားများနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းနှင့် ကာယကံရှင်လယ်သမားများ ပူးပေါင်းပြီးသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းက ၈၈ မျိုးဆက်ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ကန့်ဘလူ၊ ထားဝယ်၊ ရှမ်းပြည်နယ်တို့မှ လယ်သမားများလည်း တက်ရောက်ကာ မီဒီယာများအား လယ်ယာမြေသိမ်း ဆည်းခံရမှုများ နှင့်တရားစွဲဆိုထောင်ချခံနေရသည့် ဖြစ်စဉ်များကို ရှင်းလင်းပြောကြားခဲ့ကြပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့ အစည်းမှ သဘော ထားကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။

ကိုမင်းကိုနိုင်က“ကန့်ဘလူ တစ်မြို့နယ်တည်းမှာတင် တရားစွဲခံရတဲ့ လယ်သမားတွေက ၄၅ဝ လောက် ရှိနေတယ်။ ဒီထဲက ၅၆ ယောက်ကို ထောင်ချလိုက်ပါပြီ။ ထောင်ချပြီးတဲ့အခါ ထောင်တွေကိုလည်း အကုန် ခွဲပြီး ရွှေ့လိုက်ပါတယ်။ ဒါဟာ စိုးရိမ်စရာကောင်းတဲ့ လက္ခဏာပါ။ မြို့နယ်တစ်ခု တည်း ၄၅ဝ လောက် တရားစွဲဆိုခံရတာဆိုရင် ကျန်တဲ့မြို့နယ်တွေမှာ ဘယ်လောက်များမလဲဆိုတာကို ခန့်မှန်းလို့ရနေပါပြီ။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ပိုပြီးအရေးကြီးပါတယ်။ သတင်းသမားတွေ လက်လှမ်းမမီတဲ့ နေရာတွေမှာ ဘယ်လောက်အနိုင်ကျင့်နေသလဲဆိုတာ ကျွန်တော်တို့ အချက်လက်တွေရဖို့လိုပါတယ်” ဟု လယ်သမားများ ဖမ်းဆီးထောင်ချခံရမှုအပေါ် သုံးသပ်သည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုထွန်းမြင့်အောင်က “လက်ရှိအစိုးရသက်တမ်းက ပြည့်တော့မယ်။ လယ်ယာမြေကိစ္စတွေကို အခုထိပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်း မရှိသေးဘူး။ စိုက်ပျိုးရေးနိုင် ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ လယ်သမားတွေကို ဖမ်းဆီးထောင်ချတာတွေက မဖြစ်သင့်တဲ့ကိစ္စပါပဲ” ဟု ရှင်းလင်းပြောကြားသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ထုတ်ပြန်ခဲ့သည့် သဘောထားကြေညာချက်တွင် လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်းတစ်ကြိမ် ပြည့်လုနီးနီး ရောက်လာသော်လည်း လယ်သမား ထု၏ ဘဝအခြေနေမှာ မျှော်လင့်တောင့်တသကဲ့သို့ ဖြစ်မလာခဲ့ကြောင်း၊ ဘိုးဘွားပိုင် ဓားမဦးချ မြေများမှ မတရားသဖြင့် သိမ်းဆည်းခံနေရဆဲဖြစ်ကြောင်း၊ နိုင်ငံအနှံ့မှ လယ်သမားများသည် ပုဒ်မအမျိုးမျိုးဖြင့်ဖမ်း ဆီးခံနေရ တရားစွဲဆိုခံနေရကြောင်း ပါရှိသည်။

ထို့အပြင် စိုက်ပျိုးရေးကိုအခြေခံသည့် မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်စွမ်းရှိသော လယ်သမားများ ဖမ်းဆီး ချုပ်နှောင်ခံနေရခြင်း၊ စိုက်ပျိုးမြေများလက်လွှတ်ဆုံး ရှုံးနေရခြင်းသည် တိုင်းပြည်၏စိုက်ပျိုးစီးပွားကဏ္ဍကို များစွာထိခိုက်စေသဖြင့် မြေသိမ်း၊ လူဖမ်းလုပ်ရပ်များအား ပြင်းထန်စွာကန့်ကွက်ကြောင်း၊ ကျေးလက်ဒေ သဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးလုပ်ငန်းစဉ်များကို အစိုးရတစ်ရပ်အနေဖြင့် ကြွေးကြော်ရုံ သက်သက်မျှမဟုတ်ဘဲ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သတိပေး ထုတ်ပြန်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List