Tuesday, July 22, 2014

မန္တလေးမြို့ ရတနာပုံတက္ကသိုလ်ရှေ့တွင် အမျိုးသားပညာရေးဥပဒေမူကြမ်းအား ကန့်ကွက်ကြောင်း ကျောင်းသားများ ဆန္ဒထုတ်ဖော်


အမျိုးသားဥပဒေမူကြမ်းနှင့် ကျောင်းတွင်းထုတ်ပြန်ထားသည့် စည်ကမ်းချက်များအားကန့်ကွက်ရှုတ်ချ ကြောင်း မန္တလေးမြို့ ရတနာပုံတက္ကသိုလ်ကျောင်းရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ကျောင်းသားများ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ကျောင်းသားများက နံနက် ၉ နာရီတွင် ကျောင်းရှေ့ကျောင်းဝင်ပေါက်သုံးနေရာ ၌ ကျောင်းသားနှင့် ပြည်သူကိုအခြေမခံသော "အမျိုးသားပညာရေး ဥပဒေမူကြမ်း" အားအလိုမရှိ၊ "မတရားထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်ကမ်းဥပဒေများ အမြန်ဆုံးဖျက် သိမ်းပေး၊ အစမ်းသပ်ခံပညာရေးစနစ် လုံးဝအလိုမရှိ၊ အာမခံချက်မရှိသော ပညာရေးစနစ် လုံးဝအလိုမရှိ၊ ကျောင်းသားထု အခွင့်အရေးရရှိရေး စသည့်ကြွေးကြော်သံဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လှည့်လည်ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။

"ပြည်သူ့လွှတ်တော်မှာအတည်ပြုပြီးတော့ ထွက်လာတဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို သတင်းစာမှာ ဖော်ပြခဲ့တယ်။ သတင်းစာမှာဖော်ပြတဲ့ ဥပဒေမူကြမ်းနဲ့ သူတို့ထုတ်ပြန်ပြီးထွက်လာတဲ့ ဥပဒေမူကြမ်းက ကွဲလွဲပြီး တခြားစီဖြစ်နေတယ်။ ဒါဟာ သူတို့ဘက်က မပွင့်လင်းတာပဲ။ အမျိုးသား ပညာရေး ဥပဒေဆိုတာ ကျောင်းသားထုနဲ့သက်ဆိုင်သလို တစ်မျိုးသားလုံးနဲ့ လည်း သက်ဆိုင်တဲ့ကိစ္စဖြစ်ပြီး တိုင်းပြည်ရဲ့အနာဂတ် တစ်ခုလုံးနဲ့ပါ ဆိုင်ပါတယ်။ မူကြမ်းထဲမှာ ကျောင်းသားအခွင့်အရေးပိတ်ပင်တာတွေ၊ ဗဟိုချုပ်ကိုင်မှု စနစ်တွေ၊ တိုင်းရင်းသားစာပေတွေကို လျစ်လျူရှုတာတွေ၊ အမှတ်စနစ်နဲ့ အတန်းခွဲတာတွေ ပါဝင်နေတဲ့ အတွက် အခုလို ကန့်ကွက်ရှုတ်ချပြီး ဆန္ဒထုတ်ဖော်တာပါ"ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပုံရေး ဆွဲရေးကော်မတီ တာဝန်ခံ ကိုဥာဏ်ထိန်လင်းက ပြောကြားသည်။

"အမျိုးသားပညာရေးဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ ၇၁ ချက်ပြင်ဆင်တယ်လို့ သိရတယ်။ ဒါပေမဲ့ အဲလိုပြင်ဆင်တာကို ရှင်းရှင်းလင်း လင်း ဖွင့်ချပြတာမရှိဘူး။ ဥပဒေမူကြမ်းရေးဆွဲစဉ် ကလည်း ပြင်ပပညာရှင်တွေ၊ ကျောင်းသားကိုယ်စားလှယ်တွေ ပါဝင်ခွင့်မရှိဘူး။ အစိုးရ၀န်ကြီးဌာန ၀န်ကြီးတွေ၊ အစိုးရအဆင့်မြင့်အရာရှိတွေ၊ ကျောင်းပါချုပ်တွေနဲ့ တစ်ဖက် သတ်ရေးဆွဲခဲ့ကြတာဖြစ်လို့ ကန့်ကွက်တာပါ" ဟု ကိုဥာဏ်ထိန်လင်းက ဆက်လက်ပြောကြားသည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအနေဖြင့် အမျိုးသားပညာရေးဥပဒေအား ကျောင်းသားကိုယ်စား လှယ်များ၊ ဆရာ၊ ဆရာမကိုယ်စားလှယ်များ၊ ကျောင်းသားမိဘများ၊ ပြင်ပမှပညာရှင်များ အချိုးအစားမျှတစွာ ပါဝင်ရေးဆွဲစေ လိုကြောင်း၊ ရေးဆွဲသည့်အဖွဲ့အနေဖြင့်လွတ်လပ်သောတက္ကသိုလ် များဖြစ်ပေါ်ရေး အား ဦးတည်ကာ ကျောင်းသားအခွင့်အရေး၊ ကျောင်းသား သမဂ္ဂအဖွဲ့အစည်းများနှင့် လွတ်လပ်သော အသင်းအဖွဲ့အစည်းများ တရားဝင်ဖွဲ့စည်းခွင့်ပြုကာ အသိမှတ်ပြုပေးရေး၊ ပညာရေးလွတ်လပ်ခွင့်နှင့် သင်ရိုး ညွှန်းတမ်းများ လွတ်လပ်ခွင့်ရရှိရေးတို့အား အလေးပေးလုပ်ဆောင်ပေး လိုကြောင်း သိရှိရသည်။

ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်မှုတွင် ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂကျောင်း သားများ အဓိကပါဝင်ခဲ့ပြီး ကျောက်ဆည်တက္ကသိုလ်မှ ကျောင်းသားများလည်း လာရောက်ပူးပေါင်းကာ ကျောင်းသားအင်းအား ၄၀ နီးပါးရှိကြောင်း၊ ဆန္ဒထုတ်ဖော်မှုကို နံနက် ၉ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List