Wednesday, July 23, 2014

၂၀၁၅ အတွက် ပြင်ဆင်နေသော ပြည်ခိုင်ဖြိုး၏ခြေလှမ်းများ


လာမည့် ၂၀၁၅ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် နိုင်ငံအတွက် အတိအကျ မမျှော်မှန်းနိုင်သည့် အပြောင်းအလဲများ ဖြစ်လာနိုင်သကဲ့သို့ ပထမအကြိမ်ကလိုပင် ပြည်ခိုင်ဖြိုးပါတီကသာ အပြတ်အသတ် အနိုင်ရရှိသွားမည်လားဆိုသည်ကို နိုင်ငံရေးစောင့်ကြည့်လေ့လာသူများ ခန့်မှန်းရန် ခက်ခဲနေသေးသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အပြတ်အသတ် အနိုင်ရရှိ မည်ဟု ယုံကြည်သူများ ရှိနေသကဲ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း နည်းလမ်း မျိုးစုံဖြင့် ကြိုးပမ်းမည်ဖြစ်သည့်အတွက် မည်သည့်ပါတီက အစိုးရဖြစ်မည်ဆိုသည်ကို မှန်းဆရန် ခက်ခဲနေခြင်း ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခြေခံဥပဒေနှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အလုပ်များနေချိန်တွင် ပြည်ခိုင်ဖြိုးကလည်း ကြားဖြတ်နှင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ခြေသံလုံလုံဖြင့် ပြင်ဆင်နေမှုများကို လျှော့တွက်၍မရပါ။

အာဏာရ ပြည်ခိုင်ဖြိုးပါတီသည် သိသာထင်ရှားသော ပါတီတည်ဆောက်မှုအဖြစ် ပါတီဝင်များ၏ မိသားစု များကိုပါ ပါတီဝင်ဖြစ်စေရန် စနစ်တကျစည်းရုံး၍ အမာခံများ စုစည်းထားခြင်း၊ ပြည်သူ့ပါတီအဖြစ် တည်ဆောက်သည့်အတွက် လူထုလက်မခံသူ၊ ပါတီပုံရိပ်မကောင်းသူများကို ပါတီမှထုတ်ပယ်ပစ်ခြင်း၊ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ကို ပါတီနှင့်နီးစပ်သူဖြစ်ခြင်းထက် လူထုက လက်ခံမည့်သူ ကိုသာ ရွေးချယ်ခြင်း စသည့် အဓိကရည်မှန်းချက်များဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေးကို အချိန်ဇယားဖြင့် ရေးဆွဲထားသည်ဟု ပါတီဗဟိုကော်မတီဝင် ဦးတင့်ဇော်က ပြောသည်။

ဥပဒေပြုရေးမဏ္ဍိုင်၏ လက်ရှိအကြီးအကဲဖြစ်သည့် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ နိုင်မည်ဟု ယုံကြည်ကြောင်း ယခုလအတွင်းကပင် ပြောကြားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်သူမရှိဘဲ အဓိကပါတီအဖြစ် ရပ်တည်နိုင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီသည် နိုင်ငံအနှံ့တွင် ကွန်ကရစ်လမ်းများခင်းပေးခြင်း၊ ဝန်ကြီးများ၏ ဒေသဖွံ့ဖြိုးရေးခရီးစဉ် အကြောင်းပြပြီး မဲဆွယ်ခြင်းများရှိခဲ့သလို နိုင်ငံရေးနောက်ခံရှိသည့် ပါတီငယ်များကိုလည်း အထောက်အပံ့ပါတီအဖြစ် ထားရှိ ခဲ့သည်။

‘‘အဲဒီတုန်းကဆို NLD ဝင်မယ်၊ မဝင်မယ် မသေချာတဲ့အချိန်မှာ ၈၈ မျိုးဆက်ထဲက တချို့ကို စည်းရုံးပြီး သူတို့ အတွက် တစ်ဖက်လှည့်နဲ့ လော်ဘီလုပ်ခိုင်းတာမျိုး၊ NLD အမာခံနယ်တွေမှာ နိုင်ငံရေးကစားတာတွေ ရှိခဲ့တယ်။ အခုလည်း စာတစ်စောင် ထွက်လာတယ်။ မိတ်ဖက်ပါတီကို ထောက်ခံပေးဖို့ဆိုတာမျိုး ကြား ရတော့ သူတို့က အာဏာရှိတဲ့သူလည်း ဖြစ်တဲ့အတွက် နည်းလမ်းမျိုးစုံသုံးပြီး နိုင်အောင်လုပ်မှာပါ’’ဟု ၈၈ မျိုးဆက် ငြိမ်း/ပွင့်မှ ခေါင်းဆောင်တစ်ဦးက ဆိုသည်။

လွှတ်တော်လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်းဖြစ်သည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့မှ သုတေသန ဒါရိုက်တာ ဦးအေးကျော်ကလည်း ‘‘တစ်ချိန်လုံး ကျပ်တည်းလာတဲ့ဟာတွေကို မဖြေရှင်းပေးဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲနီးလာတဲ့အချိန်မှာ အစိုးရအနေနဲ့ လုပ်လာနိုင်တယ်။ ဒီအစိုးရက ကြံ့ခိုင်ရေးပါတီအစိုးရဖြစ် တဲ့အတွက် ဒီအစိုးရက မင်းတို့ကိုလုပ်ပေးတာ၊  မင်းတို့ ဒါမျိုးတွေကို နောက်လိုချင်ရင် ဒီပါတီကို မဲထည့်ပါ ဆိုပြီး အဲဒီလိုဖြစ်လာနိုင်တယ်’’ဟု ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးမှုပုံစံ ဖြစ်နိုင်ခြေကို ပြောကြားခဲ့သည်။

လွှတ်တော်နာယကလည်းဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အနိုင်ရရှိရန် ရည်မှန်းထားရှိပြီး ပါတီတည်ဆောက်ပုံနှင့် ပတ်သက်၍ ‘‘တစ်ချိန်တုန်းက ဘယ်လိုပဲဖွဲ့စည်း ထားဖွဲ့စည်းထား ပြောကြပါစေ။ တပ်ကနေ ဖွဲ့စည်းထားတဲ့ပါတီ ဒါမှန်ပါတယ်။ တစ်ချိန်တုန်းက။ ဒါပေမဲ့ ဒီနေ့ဒီကာလမှာ ပြည်သူများကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ပါတီ ဖြစ်ရမယ်’’ဟု ပြည်ထောင်စုလွှတ်တော် တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်အများစုကလည်း လက်ရှိကျင့်သုံးနေသည့် နိုင်သူအကုန်ရ စနစ်ဖြင့်ဆိုပါက ပြည်ခိုင်ဖြိုးပါတီက အပြတ်အသတ် အနိုင်ရရန် မဖြစ်နိုင်သော်လည်း ပီအာရ်စနစ်ဖြင့် ဆိုလျှင် ၂၆ ရာခိုင်နှုန်းခန့်ရလျှင်ပင် တပ်မတော်နှင့်ပေါင်း၍ အစိုးရဖွဲ့နိုင်မည်ဟု ယုံကြည်ထားကြောင်း ပါတီဝင် လွှတ်တော်အမတ်အချို့က ထုတ်ဖော်ပြောထားသည်။

ထို့အပြင် ယခင်က လွှတ်တော်နှင့် အစိုးရကြား နိုင်ငံရေးပွတ်တိုက်မှုများရှိသည်။ ပြည်ခိုင်ဖြိုးပါတီအတွင်း ပြုပြင်ပြောင်းလဲလိုသူများနှင့် မပြောင်းလဲလိုသူများကြားတွင် အမာဂိုဏ်း၊ အပျော့ဂိုဏ်း ကွဲပြားနေသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီး ပါတီဥက္ကဋ္ဌသူရဦးရွှေမန်းနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တို့၏ ဆက်ဆံရေးကို ပြည်သူအများစုက ကောင်းမွန်သောဆက်ဆံရေးဟု ယူဆခဲ့ကြသည်။

ထိုအခြေအနေတွင် အချို့သော နိုင်ငံရေးလေ့လာသူများက အစိုးရ၊ လွှတ်တော်နှင့်ပါတီခေါင်းဆောင် အားလုံးသည် တစ်ပါတီတည်းမှ စစ်တပ်တစ်ခုတည်းမှ ထွက်လာသူများဖြစ်သည့်အတွက် ဂိုဏ်းဂဏပုံစံ ကွဲနေခြင်းမျိုး မဖြစ်နိုင်ဟု သုံးသပ်ခဲ့ကြသည်။

‘‘ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်း နှစ်ဦးစလုံးက ပြည်ခိုင်ဖြိုးရဲ့ဥက္ကဋ္ဌဟောင်းနဲ့ ဥက္ကဋ္ဌသစ်ဆိုတာကို မမေ့ဖို့လို ပါတယ်’’ဟု ၂၀၁၃ ခုနှစ် အစောပိုင်းတွင် နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ပြောခဲ့သည်။

သို့သော် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းရေး တောင်းဆို ချိန်မှစ၍ သမ္မတ၊ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်ဆံရေးမှာ ပြောင်းလဲသွားသည်ဟု စောင့်ကြည့်လေ့လာသူများက ဆိုသည်။

ထို့အပြင် ထူးခြားသော မြင်ကွင်းအဖြစ် ပါတီအတွင်း သီးသန့်ဂိုဏ်းကွဲနေသည်ဟု ယူဆခြင်းခံရသည့် ပါတီနာယက ဦးအောင်သောင်း၊ ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့် အတွင်းရေးမှူးဦးဌေးဦးတို့က ဇူလိုင် ၃ ရက်က ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ကာ အများပြည်သူရှေ့ထွက်ခဲ့သည်။

ထို့ကြောင့် ပါတီတွင်း အားပြိုင်မှုများ ရှိကောင်းရှိနိုင်သော်လည်း ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အချိန်နီးကပ်လာချိန်တွင် တစ်ခုတည်းသော ပါတီမှ လူများဖြစ်သည်ဆိုသော အချက်ကို ထပ်လောင်း သက်သေပြခြင်းပင် ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ပြောကြားခဲ့ကြသည်။

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေမှစ၍ တစ်အိမ်တက်ဆင်း ပါတီစည်း ရုံးရေးလုပ်ငန်းစဉ်များ၊ ပြည်သူ့ပါတီ မဟာဗျူဟာစီမံကိန်းဖြင့် အောက်ခြေပြည်သူများနှင့် တစ်ဦးချင်း ထိတွေ့မှု၊ တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်ရေးရာ ဆွေးနွေးပွဲများ။ လွှတ်တော်ဥက္ကဋ္ဌမှစ၍ အဆင့်ဆင့်သော ပါတီခေါင်းဆောင်များ၏ ဒေသတစ်ခုချင်းစီသို့ လွှတ်တော်လုပ်ငန်းဖြင့် သွားရောက်မှု များက ပါတီစည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ကို ၂၀၁၄ နှစ်ဆန်းမှစ၍ သိသာစွာတွေ့မြင် ရသည်။

၂၀၁၅ ရွေးကောက်ပွဲသည် တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြသော ရွေးကောက်ပွဲဖြစ်သကဲ့သို့ ယှဉ်ပြိုင် ကြမည့် ပါတီများသည်လည်း ယခင်ရွေးကောက်ပွဲများမှ အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက်များ ပြင်ဆင်ထားကြမည်ဖြစ်သည်။ မဲပေးကြမည့် ပြည်သူများသည်လည်း ယခင် မဆလခေတ်မှ မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ်ထားခံရသူများ မဟုတ်တော့သည့်အတွက် မည်သည့်ပါတီသည် မည်သို့ပုံစံဆိုသည်ကို အပြည့်အစုံမဟုတ်သော်လည်း အနည်းငယ်မျှ သိလာကြပြီး ရွေးကောက်ပွဲစနစ်ပေါ်မူတည်၍ အနိုင်အရှုံး သိသာစွာကွာခြားနိုင်မည် မဟုတ်ကြောင်း အစိုးရအရာထမ်းအချို့က မှတ်ချက်ပေးသည်။

‘‘ဒါပေမဲ့ ပါတီပြိုင်ဆိုင်မှုတွေ၊ တစ်ဖက်နဲ့တစ်ဖက် ပြင်းထန်လာပြီး တိုင်းပြည်မှာ မလိုလားအပ်တဲ့ အကြမ်း ဖက်မှုတွေ၊ ရုန်းရင်းဆန်ခတ်တွေ မဖြစ်စေဖို့တော့ ကြိုတင်ပြင်ဆင်ထားဖို့ လိုလိမ့်မယ်’’ဟု အငြိမ်းစား အရာရှိတစ်ဦးဖြစ်သည့် ဦးလှမြင့်ဆွေကပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပီအာရ်စနစ်ကို ကျင့်သုံးနိုင်ခြေများနေသောကြောင့် တိုင်းရင်းသားဒေသများ မပါလျှင် မဲ ၆၀ ရာခိုင်နှုန်းခန့်ရရန် သေချာနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ ပီအာရ်စနစ်တွင် ထိုမျှ ရာခိုင်နှုန်းရရန် မလွယ်တော့ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ပီအာရ်ကို တိုင်းဒေသကြီးများတွင် ကျင့်သုံးလျှင်ပင် ပြည်ခိုင်ဖြိုးပါတီက မဲ ၂၆ ရာခိုင်နှုန်းခန့်သာ ရရန်လိုပြီး တပ်မတော်သားများနှင့်ပေါင်း၍ အစိုးရဖွဲ့နိုင်မည်မှာ အသေအချာပင်ဖြစ်သည်ဟု ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးလှဆွေကပြောသည်။

လူဦးရေရှစ်သန်းရှိသည့် ရန်ကုန်မြို့တွင် ပြည်ခိုင်ဖြိုးပါတီ၏ ပါတီဝင်အင်အားသည် ငါးသိန်းနီးပါးရှိနေသည့် အတွက် တစ်နိုင်ငံလုံးဆိုပါက သန်းချီသော အဆိုပါ ပါတီဝင်များ သေချာသောမဲများရရှိရန် ရည်ရွယ်ထား သည်ဟု ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးသာဝင်းကဆိုသည်။

ထို့အပြင် ပါတီအနေဖြင့်လည်း မဲရုံများတွင် တာဝန်ကျမည့် ပညာရေးဝန်ထမ်းများနှင့် ပြေလည်သော ဆက်ဆံရေးမျိုးရှိစေရန်လည်း ပါတီက ညွှန်ကြားထားသည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဗဟိုကော်မတီဝင် က ပြောကြားသည်။

ထပ်မံ၍ အားသာချက်တစ်ခုအဖြစ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသည် ပြည်ခိုင်ဖြိုးပါတီမှအမတ်တစ်ဦးဖြစ် ခဲ့သလို စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးလည်း ဖြစ်နေပြီး အဆင့်ဆင့်သော ကော်မရှင်များတွင် တပ်မတော် အရာရှိ အငြိမ်းစားများကို ပေါင်းစည်းထားခြင်းက ပါတီအောင်နိုင်ရေးကို ထပ်ဆင့်ပေါင်းစပ်ပေးနေသည့် အတွက် ၂၀၁၅ ခုနှစ်၏ရလဒ်မှာ ပြည်ခိုင်ဖြိုးပါတီအတွက် အပေါင်းလက္ခဏာသာ ရှိနေခြင်းလည်း ဖြစ်ပေ သည်။  

7Day News Journal 

No comments:

Post a Comment

My Blog List