မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စရန်ဟီးလီသည် ကချင်ပြည်နယ်သို့ ဇူလိုင် ၂၁ ရက်က စတင်ရောက်ရှိလာပြီး လူ့အခွင့်အရေး၊ ဒုက္ခသည်များအရေးနှင့် အခြားလူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များကို စတင်ကွင်းဆင်းလေ့လာနေကြောင်း သိရသည်။
မစ္စရန်ဟီးလီသည် ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ လေကြောင်းလိုင်းဖြင့်ရောက် ရှိလာကာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး များနှင့် တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံပြီးနောက် မစ္စရန်ဟီးလီက "ကချင်ပြည် နယ်အစိုးရအဖွဲ့နဲ့ ဆွေးနွေး ရတာကတော့ အရမ်းကျေနပ်စရာကောင်းပါတယ်။ ဆွေးနွေးခဲ့တဲ့အကြောင်းအရာကတော့ အများကြီးပါပဲ။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာကိုတော့ လေ့လာနေဆဲရှိပါသေးတယ်။ အချက်အလက်တွေရပြီး ကွင်းဆင်းလေ့လာမှုပြီးရင်တော့ အခြေအနေမှန်ကိုသိရမှာပါ" ဟု ပြောကြား သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် လာရောက် မှုနှင့်ပတ်သက်ပြီး "ကချင်ပြည်နယ်ခရီးစဉ်မှာ သုံးရက်ကြာလောက်လေ့လာမယ်။ ကျွန်တော်တို့နဲ့ အဓိကဆွေးနွေးတာကတော့ ကချင်ပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ရွှေ့ပြောင်း ဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ အစိုးရနဲ့ ကေအိုင်အိုဘက်က IDP Camp မှာခိုလုံနေတဲ့သူတွေရဲ့ လူမှုရေး ကျန်းမာရေး၊ ပညာရေး ဘယ်လိုအခြေအနေရှိလည်းဆိုတာ ဆွေးနွေးကြပါတယ်။ အားလုံးကို အသေးစိတ်ဆွေးနွေးနိုင်ခဲ့ခြင်းမရှိပါဘူး။ ကျွန်တော်တို့ ကချင်ပြည်နယ်အစိုးရအနေနဲ့ကတော့ ဘယ်နေရာ ဘယ်ဒေသသွားပါလို့ လမ်းညွှန်တာမရှိပါဘူး။ လွတ်လပ်စွာသွားလာခွင့်ပြုထားပါတယ်" ဟုပြောကြားသည်။
မစ္စရန်ဟီးလီသည် ညနေပိုင်းတွင် ၀ိုင်းမော်၊ သာဂရသရက်တော ဒုက္ခသည်စခန်းသို့သွားရောက်ပြီး ဒုက္ခသည်များနှင့် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ နေ့စဉ်နေထိုင်စားသောက်မှုပုံစံများကို နှစ်နာရီနီးပါးကြာ ဆွေးနွေးကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။
သာဂရသရက်တော ဒုက္ခသည်စခန်းမှ ဦးစိုင်းအောင်က "လိုအပ်ချက်ရှိတာတွေ ကျောင်းနေအရွယ် ကလေးတွေအတွက် အခက်အခဲရှိတာတွေ ဆွေးနွေးကြ ပါတယ်။ သူကကျွန်တော်တို့ရဲ့နေ့စဉ် ဘ၀ဖြတ် သန်းမှုကိုလည်း အသေး စိတ်ဆွေးနွေးပါတယ်။ နေ့စဉ်နေ့စားလိုက်တဲ့ကိစ္စတွေ၊ လုပ်အားမရှိတဲ့ မိသားစုက အခြေအနေတွေကိုလည်း အကြံပေးသွားတာတွေရှိတယ်" ဟုဆိုသည်။
မစ္စရန်ဟီးလီသည် သာဂရသရက်တောဒုက္ခသည်စခန်းကို ကွင်းဆင်းလေ့ လာပြီးနောက် ညနေပိုင်းတွင် ဗန်းမော်မြို့သို့ ထွက်ခွာသွားပြီး ယင်းမြို့ရှိ ဒုက္ခသည်စခန်းများနှင့် အကျဉ်းထောင်ကိုလေ့လာပြီး လူမှုအဖွဲ့ အစည်းများနှင့် တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment