Thursday, July 24, 2014

သတင်းမီဒီယာအချို့၏ လက်ရှိဖြစ်စဉ်များနှင့် ပတ်သက်၍ တရားမျှတမှုရှိစေရေး ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် စဉ်းစားဆောင်ရွက်ပေးရန် ပြည်ထောင်စု လွှတ်တော်နာယက သမ္မတထံ သ၀ဏ်လွှာပေးပို့



သတင်းမီဒီယာအချို့၏ လက်ရှိဖြစ်စဉ်များနှင့် ပတ်သက်၍ တရားမျှတမှုရှိစေရေး ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် စဉ်းစားဆောင်ရွက်ပေးရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတထံ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂၃ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြည်ထောင်စုအစိုးရ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် သတင်းမီဒီယာတို့အကြား လက်ရှိဖြစ်ပေါ်နေ သည့် တင်းမာမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့ ထားကြောင်း ပြောကြားသည်။

အဆိုပါ သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်ရုံး စာအမှတ် ၁/ပထ (စည်းဝေး) ၉/၂ဝ၁၄-၉၆ ရက်စွဲ ၂ဝ၁၄ ခုနှစ် ဇူလိုင် ၂၂ ရက် ရက်စွဲဖြင့် ပေးပို့ခဲ့ခြင်းဖြစ်ပြီး သဝဏ်လွှာတွင် “လတ်တလော ကြုံတွေ့လျက်ရှိသည့် သတင်းမီဒီယာ အချို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ထံမှ ပြည်ထောင်စု လွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံသို့ စာဖြင့်ပေးပို့တင်ပြခြင်း၊ နှုတ်ဖြင့်တင်ပြခြင်းများ ဆောင်ရွက်လျက်ရှိနေ ပါကြောင်း၊ လက်ရှိကာလသည် နိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဖော်ဆောင် လျက်ရှိပြီး သတင်းမီဒီယာကဏ္ဍကို စတုတ္ထမဏ္ဍိုင်အဖြစ် သတ်မှတ်နေရာပေး ဆောင်ရွက်လျက်ရှိသော ကာလဖြစ် ပါကြောင်း၊ ယခုကဲ့သို့ အခြေအနေတွင် အတွေ့အကြုံနုနယ်ပြီး လုပ်ကိုင်ဆောင်ရွက်လိုစိတ် ပြင်းထန်သည့်အတွက် အချို့ကိစ္စများ၌ လွန်ကဲသော ရေးသားပြောဆိုမှုများ ရှိနိုင်ပါကြောင်း၊ ပြည်ထောင်စုအစိုးရ အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ထိုသို့သော ကိစ္စရပ်အချို့အတွက် စိတ်ရှည်သည်းခံ၍ ဥပဒေနှင့်အညီ တရားမျှတမှုရှိစေရန် ကြိုးစားဆောင်ရွက်လျက် ရှိသည်ကိုလည်း သိရှိရပါကြောင်း၊ သို့သော် သတင်းမီဒီယာအချို့၏ လက်ရှိဖြစ်စဉ်ဖြစ်ရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) နှင့် စာနယ်ဇင်းသတင်းမီဒီယာသမား အသီးသီး၏ တင်ပြလာမှုများကို လွှတ်တော်အနေဖြင့် လည်း အလေးထား စဉ်းစားသုံးသပ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့်လည်း စဉ်းစားဆောင်ရွက်ပေးမည်ဟု ယုံကြည်ပါကြောင်း၊ ထိုသို့ စဉ်းစားဆောင်ရွက်ပေးမှုကို အချိန်မီ ရှင်းလင်းဖော်ပြခြင်း အားဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ စိုးရိမ်စိတ်များ ပြေပျောက်ပြီး အထင်အမြင်လွဲမှားမှုများလည်း လျော့နည်း ပပျောက်၍ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေချောမွေ့နိုင်မည်ဟု ယူဆပါသဖြင့် သုံးသပ် ဆောင်ရွက်နိုင်ပါရန် ပေးပို့အပ်ပါကြောင်း” ဟု ပါရှိသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “အဓိကçကတော့ မီဒီယာနဲ့ပတ်သက်ပြီးတော့မှ အခုတစ်လော ကာလမှာ အဖြစ်အပျက်တွေက များလာတယ်။ မီဒီယာတွေဘက်ကလည်း အစိုးရအပေါ် အချို့တင်းမာမှုလေးတွေ ရှိလာတယ်။ နောက်ပြီးတော့ နားလည်မှုတွေ လွဲမှားနိုင်တဲ့ ကိစ္စတွေရှိနေတယ်။ ကော်မတီအနေနဲ့လဲ မီဒီယာတွေနဲ့ အကြိမ်ကြိမ်တွေ့တယ်။ စာနယ်ဇင်းကောင်စီနဲ့လည်း တွေ့ပါတယ်။ အခုလက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေမှာ မီဒီယာနဲ့ပတ်သက်ပြီးတော့မှ အရေးယူမှုအပြင် မီဒီယာသတင်းစာတိုက်တွေကို ခေါ်ယူမေးမြန်းတဲ့ ကိစ္စတွေ၊ တိုက်တွေကို ဝင်ရောက်စစ်ဆေးတဲ့ ကိစ္စတွေရှိနေတယ်။ အဲဒီတော့ ကျွန်တော်တို့က မီဒီယာနဲ့ ပတ်သက်ပြီးတော့မှ အထိအရှတွေများနေပြီ။ ဒီလိုတွေဖြစ်နေတာကြောင့် မီဒီယာသမားတွေက ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်လာပြီ။ အဲဒီအတွက် မီဒီယာသည် စတုတ္ထမဏ္ဍိုင်ရယ်လို့ ကျွန်တော်တို့ နိုင်ငံက သတ်မှတ်တယ်ဆိုရင် မဏ္ဍိုင်ကြီးသုံးရပ်အနေနဲ့ ဒီစတုတ္ထမဏ္ဍိုင်ကို ဘယ်လိုထိန်းကျောင်း ပြုပြင်ပြီး လက်တွဲခေါ်မလဲဆိုတာ စဉ်းစားရပါမယ်။ ဒါကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ မီဒီယာအဖွဲ့တွေနဲ့ ခပ်စိပ်စိပ် တွေ့ဖြစ်ပါတယ်။ သူတို့ဆီက တင်ပြချက်တွေ၊ တိုင်ကြားချက်တွေ လက်ခံရရှိပါတယ်။ မီဒီယာသမားတွေ လက်မှတ်ထိုးပြီး တိုင်ထားတာတွေလည်း ရှိပါတယ်။ ကော်မတီမှာလည်း ဆွေးနွေးပါတယ်။ မီဒီယာတွေရဲ့ တင်ပြချက်တွေကိုလည်း နာယကဆီ တင်ပြပါတယ်။ 

လက်ရှိ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်နေတဲ့ ကာလမှာ မီဒီယာတွေရဲ့အလုပ်က ခပ်စိပ်စိပ်လုပ်ရမှာဖြစ်ပါတယ်။ ပြီးတော့ မီဒီယာတွေရဲ့တာဝန်က ပြည်သူတွေသိဖို့အတွက် တင်ပြခွင့် မီဒီယာမှာ လုံးဝတာဝန်ရှိပါတယ်။ အခွင့်အရေး ရှိပါတယ်။ အဲဒီတော့ မီဒီယာရဲ့ အခွင့်အရေးတွေနည်းနေတာ၊ ပြီးတော့ မီဒီယာကို တစ်စုံတရာ အာဏာပိုင် အဖွဲ့အစည်းက အရေးယူတာတွေ ဆောင်ရွက်တော့မယ်ဆိုရင် စာနယ်ဇင်းကောင်စီကို အကြောင်းကြားရပါမယ်။ နိုင်ငံတော်သမ္မတက တရားဝင်ဖွဲ့စည်း ပေးထားတာဖြစ်ပါတယ်။ စာနယ်ဇင်းကောင်စီနဲ့ အရင်ဆုံး ညှိနှိုင်းဆွေးနွေးဖို့ လိုပါတယ်။ အဲဒီလို ညှိနှိုင်းဆွေးနွေးမှုမရှိဘဲနဲ့ မီဒီယာသမားတွေကို လက်လွှတ်စပယ် ဆောင်ရွက်နေတာတွေ မဖြစ်ဖို့အတွက် အဘက်ဘက်က ဝိုင်းဝန်းပြီး ထိန်းကျောင်းဖို့ လိုပါတယ်။ ဥပဒေပြုရေး လွှတ်တော်အနေနဲ့ ဘယ်လို ထိန်းညှိမလဲ၊ ကော်မတီမှာလည်း ဆွေးနွေးလျက်ရှိပါတယ်။ နာယကထံကိုလည်း လူနဲ့တင်ပြခြင်း၊ စာနဲ့အကြိမ်ကြိမ် တင်ပြတဲ့အခါမှာ နာယကကြီးက သမ္မတထံ သဝဏ်လွှာပေးပို့ခြင်း ဖြစ်ပေါ်လာပါတယ်။ ဒီနောက်ပိုင်းမှာတော့ သမ္မတအနေနဲ့ နာယကရဲ့ သဝဏ်လွှာ ရရှိမှုအပေါ် မူတည်ပြီးတော့ ထိန်းညှိဆောင်ရွက်မှုတွေ၊ တင်းမာမှုတွေက အလိုလို ပြေလျော့လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက “နာယကကြီးက သဝဏ်လွှာပို့တယ်ဆိုတော့ သမ္မတကြီးကို ထိန်းညှိတဲ့ သဘောလို့ မြင်ပါတယ်။ သမ္မတမှာလည်း အစီအစဉ်တွေ ရှိပြီးသားလို့ ထင်ပါတယ်။ သူ့ဟာနဲ့သူပေါ့။ ယူနတီဂျာနယ် ထောင် ၁ဝ နှစ်ကျတာ လျှော့ပေါ့နိုင်ပါတယ်။ ကျွန်တော့်အမြင်ပေါ့လေ။ ဒါကနိုင်ငံခြားကို ခိုးရောင်းတာမှ မဟုတ်တာဗျာ။ ဒါ့အပြင် ညီညီညွတ်ညွတ်နဲ့ စာနယ်ဇင်းကောင်စီကို ဖွဲ့စည်းသင့်နေပြီ။ ယာယီအနေနဲ့ကတော့ ပြောပိုင်ခွင့် လုပ်ပိုင်ခွင့် မရှိဘူးဖြစ်နေတယ်။ အစိုးရနဲ့ ပူးပေါင်းပြီး ကောင်းမွန်အောင်လုပ်ဖို့ပဲလိုတာပေါ့။ 

စာနယ်ဇင်းကောင်စီကို အကြောင်းကြားရမယ်ဆိုတဲ့ ဥပဒေမှမရှိသေးတာ။ ဒါကြောင့် အမြန်ဖွဲ့စည်းသင့်နေပြီ။ ဒါမှ မာမာတင်းတင်းပြောနိုင်မယ်။ လိုချင်တာကို ငါးဖယ်တိုးလေးတိုးပြီး လုပ်သင့်တာပေါ့။ စာနယ်ဇင်းကောင်စီကို ခိုင်မာစွာ ဖွဲ့သင့်နေပါပြီ။ ယာယီဆိုတာကြီးက တော်တော်ကြာနေပြီ အစိုးရအနေနဲ့ကလည်း စတုတ္ထမဏ္ဍိုင်ကို သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးပဲလို့ မြင်တယ်ဗျာ။ ချက်တတ်ရင် ထမင်းကျက်မယ်။ မီးလိုပဲ။ အစိုးရအနေနဲ့ စတုတ္ထမဏ္ဍိုင်ကို မကြာမကြာ သတင်းစာရှင်းလင်းပွဲတွေ လုပ်ရမယ်။ အခု မလုပ်တာကြာနေပြီ။ ဒါက အားနည်းချက်ပဲ။ အဲဒီလို မကြာ မကြာလုပ်မှ မီဒီယာတွေနဲ့ ရင်းနှီးမှုရမယ်။ သမ္မတကြီး မိန့်ခွန်းပြောသလို စတုတ္ထမဏ္ဍိုင်ကို သတင်း စာရှင်းလင်းပွဲ ပုံမှန် လုပ်ရမယ်။ မလုပ်ဘူး။ ဒါကပြန်ကြားရေး ဝန်ကြီးဌာနမှာ တာဝန်ရှိတယ်။ သတင်းထုတ်ပြန်ရေးအဖွဲ့မှာ တာဝန်ရှိတယ်” ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List