Thursday, July 24, 2014

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မန္တလေးမြို့၏ ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့သည့်နေရာများသို့ လိုက်လံကြည့်ရှုပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံ



မန္တလေးမြို့၌ ဆူပူအကြမ်းဖက်မှုဖြစ်ပေါ်ခဲ့သည့်နေရာများသို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စရန်း(င်)ဟီးလီမှ ဇူလိုင် ၂၃ ရက်တွင် လာရောက်လေ့လာခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့သို့ ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စရန်း(င်)ဟီးလီသည် ဇူလိုင် ၂၃ ရက် နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၃ ရက်တွင် မန္တလေးမြို့သို့လာရောက်ခဲ့သည့် ကုလသမဂ္ဂအထူး ကိုယ်စားလှယ် မစ္စရန်း(င်)ဟီးလီသည် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များအတွင်း၌ လူနှစ်ဦးသတ်ဖြတ်ခံခဲ့ရသောနေရာများဖြစ်သည့် ချမ်းအေးသာစံမြို့နယ် ၈၃လမ်းနှင့် ၃၄ လမ်း၊ ၂၉ လမ်းနေရာများသို့ ကားဖြင့်လှည့်လည်ကြည့်ရှု ခဲ့ပြီးနောက် ပဋိပက္ခဖြစ်စဉ်များအတွင်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် အေးရိပ်ငြိမ် ဘာသာပေါင်းစုံသုသာန်အတွင်းရှိ အစ္စလာမ်ဘာသာဝင်များ၏သုသာန်သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မွန်းလွဲ ၂ နာရီခန့်တွင်တွေ့ဆုံခဲ့ပြီး မီဒီယာများအား ၀င်ရောက်သတင်းရယူခွင့်မပြုခဲ့ဘဲ တံခါးပိတ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ညနေ ၃ နာရီခန့်တွင် မန္တလေးမြို့ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း များဖြစ်သည့် ဘာသာပေါင်းစုံအဖွဲ့အစည်းများ၊ မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်း သိမ်းရေးကော်မတီအဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင်လည်း တံခါးပိတ်ဆွေးနွေး မှုသာပြုလုပ်ခဲ့ပြီး သတင်းမီဒီယာများ ၀င်ရောက်သတင်းရယူခွင့်မပြုခဲ့ပေ။ အရပ်ဘက်အဖွဲ့အစည်းများနှင့်တွေ့ဆုံပြီးနောက် သတင်းမီဒီယာများက ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စရန်း(င်)ဟီးလီအား မေးခွန်းမေးမြန်းရန်ကြိုး စားခဲ့ကြသော်လည်း ပြန်လည်ဖြေကြားပေးမှု မရှိခဲ့ပေ။

မန္တလေးအရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီးနောက် အရပ်ဘက်အဖွဲ့ အစည်းများမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ဆွေးနွေးခဲ့သည့် အသေးစိတ်အချက်အလက်များအား ထုတ်ပြန်ပေးရန်အတွက်မှာ နှစ်ဖက်သဘောတူညီမှုအရ ထုတ်ပြန်ပေးရန်မရှိကြောင်း ပြောဆိုခဲ့သည်။

"ကျွန်တော်တို့ ဒီနေ့ဆွေးနွေးပွဲမှာဆိုရင် ပထမဆုံးသဘောတူညီထားတဲ့ အချက်က နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွေကို မထုတ်ပြန်ဘူးလို့ သဘောတူထားပါတယ်။ ကျွန်တော်တို့တင်ပြခဲ့တာက မန္တလေးမှာဖြစ်ခဲ့ တဲ့ဖြစ်စဉ်ကိုတင်ပြတယ်။ ကော်မတီရဲ့လုပ်ဆောင်ချက်တွေနဲ့ နောင်လုပ်ဆောင် မယ့်ရည်မှန်းချက်တွေကို တင်ပြတယ်။ ကော်မတီအနေနဲ့ အစိုးရအပါအ၀င် ဘယ်အဖွဲ့အစည်းနဲ့မဆို ငြိမ်းချမ်းမှု ထိန်းသိမ်းမှုတည်ဆောက်ဖို့အတွက် ပူးပေါင်းသွားမယ်ဆိုတာ တင်ပြခဲ့ပါတယ်။ ကုလသမဂ္ဂကလည်း ကျွန်တော် တို့ကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ ကတိပေးသွားပါတယ်။ ကျွန်တော်တို့ရဲ့ တင်ပြချက်တွေနဲ့ သူတို့ရဲ့တွေ့ရှိချက်တွေကို နိုင်ငံတော် အစိုးရသော်လည်းကောင်း ကုလသမဂ္ဂနဲ့နိုင်ငံတကာကို တင်ပြသွားမယ်လို့ ကတိပြုသွားပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ထုတ်ပြန်ချက်ပါ။ မန္တလေးမြို့မှာဖြစ်သွားခဲ့တာတွေကို နိုင်ငံတကာအဖွဲ့အစည်းကနေ လာရောက်ကူညီပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်" ဟု မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးကော်မတီမှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့မှုများအား မေးမြန်းရန်အတွက် ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားမှု မရှိခဲ့ပေ။ မန္တလေးမြို့သို့လာရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စရန်း(င်)ဟီးလီနှင့်အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List