Thursday, July 24, 2014

ပြန်ကြားရေးနှင့် ရွှေသံလွင် (Sky Net) ကုမ္ပဏီတို့ ချုပ်ဆိုထားသည့် အကျိုးအမြတ်များအား တိကျရှင်းလင်းစွာဖြင့် လွှတ်တော်သို့ ပြန်လည်ရှင်းလင်းပေးရန် လွှတ်တော်ကိုယ်စားလှယ် တောင်းဆို


ပြန်ကြားရေးနှင့် ရွှေသံလွင်ကုမ္ပဏီ ဆောင်ရွက်ထားမှု အကျိုးအမြတ်များအား ပြည်သူများသိရှိရန် နိုင်ငံတော် မှ ရသင့်သည့် ဘဏ္ဍာငွေများကို တိကျရှင်း လင်းစွာဖြင့် လွှတ်တော်သို့ ပြန်လည်ရှင်းလင်းပေး ရန်အတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆွေးနွေးတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “ကျွန်တော့်အနေနဲ့ ပြန်ကြားရေးနဲ့ပတ် သက်ပြီးတော့ ဆွေးနွေးချင်ပါတယ်။ မြန်မာ့အသံ ရုပ်မြင်သံကြားနဲ့ ရွှေသံလွင်ကုမ္ပဏီတို့ ဆောင်ရွက် ထားမှုနဲ့ အကျိုးအမြတ်ခွဲဝေမှု ပွင့်လင်းမြင်သာမှုရှိစေရန်နဲ့ ပြည်သူများသိရှိဖို့အတွက် လိုအပ်ပါတယ်။၂၈-၇-၂ဝ၁ဝ မှာ စာချုပ် ချုပ်ဆိုထားတာဖြစ်တဲ့အတွက် ယခင်တာဝန်ယူသူ၊ ယခု တာဝန်ယူသူ မတူတော့ပါဘူး။ ပွင့်လင်းမြင်သာတဲ့ ခေတ်စနစ်အရ ရှင်းရှင်းလင်းလင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်က ရသင့်တဲ့ ဘဏ္ဍာငွေတွေကိုလည်း တိတိကျကျရနိုင်ဖို့ တိကျစွာ ရှင်းလင်းဖော်ပြဖို့လို အပ်ပါတယ်။ ဘတ်ဂျက်တွေကို ခွဲဝေသုံးစွဲရာမှာ ဖော်ပြထားတဲ့ ခေါင်းစဉ်များ၊ ဝယ်ယူတဲ့ပစ္စည်းတွေ၊ တိကျမှန်ကန်စွာ သုံးစွဲထားမှု ရှိ၊ မရှိကို သံသယရှိမှုမရှိစေရန် လွှတ်တော်သို့ ပြန်လည်ရှင်းလင်း တင်ပြစေလိုပါတယ်” ဟု ဆွေးနွေးသည်။

ဇူလိုင် ၂၃ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ်နှင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် ပထမခြောက်လပတ် နိုင်ငံတော် အရအသုံးစာရင်းများကို စစ်ဆေးရာတွင် တွေ့ရှိသည့် စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ် ကန့်ကွက်ချက်များနှင့် အရေးယူ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ်အခြေခံပြီး ဦးခိုင်မောင်ရည်က ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ဦးခိုင်မောင်ရည်က ဗဟိုအဖွဲ့အစည်း ဝန်ကြီးဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ ဘဏ္ဍာရေးစည်း မျဉ်း၊ ဝန်ထမ်းစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်း များနှင့် မညီညွတ်သော စစ်ဆေးတွေ့ရှိချက်များရှိကြောင်း၊ ၂ဝ၁၂-၂ဝ၁၃ မှာ ၂၄၈ ကြိမ် ၂ဝ၁၃- ၂ဝ၁၄ မှာ ၂၈၉ ကြိမ် စုစုပေါင်း အကြိမ် ၅ဝဝ ကျော်တွေ့ ရှိ ရကြောင်း၊ ယင်းကဲ့သို့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း မညီညွတ်သည့်ကိစ္စရပ် မျိုးကို ဌာနပေါင်း ၃၉ ခုရှိသည့်အနက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှလွဲပြီး ကျန်သည့်ဝန်ကြီးဌာန ၃၈ ခုက ချိုးဖောက်ထား တာကို တွေ့ရကြောင်း ပြောကြားသည်။

ရွှေသံလွင်မီဒီယာ (Sky Net) နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ချုပ်ဆိုထားသော စာချုပ်ပါ အကျိုးအမြတ် ခွဲဝေမှုအရ စတင်နှစ်မှ သုံးနှစ်ဆက်တိုက်အထိ Sky Net သို့ အခွန်ကင်းလွတ်ခွင့် ပေးထားသည်။

သုံးနှစ် အခွန်ကင်းလွတ်ခွင့်ရပြီးနောက် နိုင်ငံတော်သို့အခွန်အခ စတင်ပေးသွင်း ရမည် ဖြစ်ပြီး အခွန်အခ စတင်ပေးသွင်းရသည့်နှစ်မှ ငါးနှစ်အထိ နိုင်ငံတော်မှ အကျိုးအမြတ် လေးရာခိုင်နှုန်းသာရပြီးSky Net မှ ၉၆ ရာခိုင်နှုန်း အကျိုးအမြတ် ရမည်ဟု ချုပ်ဆိုထားခြင်း ဖြစ်သည်။

နိုင်ငံတော်သို့ လေးရာခိုင်နှုန်းသာ အကျိုးအမြတ်ပေးမည့် ငါးနှစ်ကုန် လွန်ပြီးနောက် နောက်ထပ် ဒုတိယ ငါးနှစ် ဆက်တိုက်တွင်လည်း နိုင်ငံတော်သို့ ရှစ်ရာခိုင်နှုန်းသာ အကျိုးအမြတ်ပေးသွင်းပြီးSky Net မှ ၉၂ ရာခိုင်နှုန်းရယူရန် သတ်မှတ်ထားသည်။

နိုင်ငံတော်သို့ လေးရာခိုင်နှုန်း ငါးနှစ်နှင့် ရှစ်ရာခိုင်နှုန်းငါးနှစ် စုစုပေါင်း ၁ဝ နှစ်ကျော် လွန်ပြီးနောက် တတိယငါးနှစ်၌လည်း နိုင်ငံ တော်မှ ၁၂ ရာခိုင်နှုန်း သာရမည်ဖြစ်ပြီးSky Net မှ ၈၈ ရာခိုင်နှုန်းအထိ ရရှိနေဦးမည် ဖြစ်သည်။

ယင်းနောက် စတုတ္ထငါးနှစ်တွင် နိုင်ငံတော်မှ ၁၆ ရာခိုင်နှုန်းသာရပြီးSky Net မှ ၈၄ ရာခိုင်နှုန်း ရယူ မည်ဖြစ်ကြောင်း၊ စတုတ္ထငါးနှစ်အပြီး ပဉ္စမငါးနှစ်တွင်လည်း နိုင်ငံတော်မှ ရာခိုင်နှုန်း ၂ဝ နှင့် Sky Netမှ ရာခိုင်နှုန်း ၈ဝ ခွဲဝေမည် သာဖြစ်ကြောင်း၊ ပဉ္စမငါးနှစ်အပြီး ဆဋ္ဌမမြောက်ငါးနှစ်တွင်လည်း နိုင်ငံတော်မှ ၂၅ ရာခိုင်နှုန်းနှင့်Sky Net မှ ၇၅ ရာခိုင်နှုန်းဖြင့်သာ ပေးသွင်းရမည်ဖြစ်သည်။

အကျိုးအမြတ်အနှစ်ချုပ်လျှင် ငါးနှစ်တစ်ကြိမ် သမ္မတသက်တမ်း ခြောက်ဆက်မြောက်ရောက်ရှိမှသာ နိုင်ငံတော်မှ ၂၅ ရာခိုင်နှုန်းသာ ရရှိမည်ဖြစ်ပြီး စာချုပ်သက်တမ်း နောက်ဆုံးနှစ်ရောက်သည်အထိSky Net မှ ၇၅ ရာခိုင်နှုန်းအထိ ရယူသွားမည့် သဘောတူညီချက်များဖြင့် ချုပ်ဆိုထားခြင်းဖြစ်သည်။

လက်ရှိ ရုပ်သံမီဒီယာများ၏ ဝင်ငွေမှာ လစဉ်ကြေး၊ စက်ဖိုးမပါ ကြော်ငြာခ တစ်မျိုး တည်းမှပင် တစ်ရက်လျှင် ကျပ်သိန်း ၃ဝဝ မှ ၆ဝဝ ဝန်းကျင်အထိ ရရှိနေကြခြင်းဖြစ်ပြီး ကြော်ငြာခမှာ တစ်မိနစ်လျှင် အနည်းဆုံးကျပ် ငါးသိန်းမှ ၁၁ သိန်းအထိ ရရှိနေကြသည်။

သို့သော် ရွှေသံလွင် ကုမ္ပဏီသည် ယခင်နှစ်ကထုတ်ပြန်သည့် ထိပ်တန်းအခွန် ထမ်း ၅ဝဝ စာရင်း၌ပင် ပါဝင်လာခြင်းမရှိကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List