Thursday, July 24, 2014

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် အပြီးသတ်မည့် လိုင်ဇာညီလာခံ ယနေ့စမည်



အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညှိနှိုင်းနေသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် အပြီးသတ် ပြင်ဆင်ညှိနှိုင်းရန် တတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာတွင် ယနေ့ (ဇူလိုင် ၂၄) စတင်မည် ဖြစ်ကြောင်း KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောဆိုသည်။
လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင် တက်ရောက်ရန် စီစဉ်ထားသော အဆိုပါ ထိပ်သီးညီလာခံကို “ဝ”၊ မိုင်းလားတို့အပြင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာနမ်ဘီးယား၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အာရှရေးရာ သံတမန် မစ္စတာ ဝမ်ယင်ဖန်းတို့ တက်ရောက်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

“ဒီဆွေးနွေးပွဲက ခါတိုင်းနဲ့ မတူပါဘူး။ ဒါပြီးရင် အပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်အောင် အစွမ်းကုန် ပြင်ဆင်ထား ပါတယ်” ဟု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက ဆိုသည်။

လက်နက်ကိုင် ညီလာခံကို ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ NCCT အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့နှင့် စတင်ကျင်းပမည် ဖြစ်ပြီး ၂၈ ရက်မှ ၂၉ ရက်နေ့အထိ ပြည်ပသံတမန်များ အပါအဝင် NCCT အဖွဲ့ဝင် မဟုတ်သော လက်နက်ကိုင်ငါးဖွဲ့ ထပ်တိုးပါဝင်၍ စုစုပေါင်း လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့တို့ စုံညီတက်ရောက်ကာ အပစ်ရပ်စာချုပ်ကို အပြီးသတ် ညှိနှိုင်း သဘောတူရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ခေါင်းဆောင်တွေက Green Light (မီးစိမ်း) ပြပြီဆိုရင် အဆင်ပြေပါပြီ” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ဆိုသည်။

ညီလာခံတွင် အပစ်ရပ်စာချုပ်ဆိုင်ရာများ ညှိနှိုင်းဆွေးနွေးပြီးပါက မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) အလုပ်အဖွဲ့များနှင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဆက်တိုက် တွေ့ဆုံမည်ဖြစ်ပြီး ဆွေးနွေးပွဲ ရလဒ်များနှင့် ရန်ကုန်မြို့တွင် အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ ဆက်လက်တွေ့ဆုံရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောဆို သည်။

တတိယအကြိမ် လက်နက်ကိုင် ထိပ်သီးညီလာခံ အဖွင့်နေ့တွင် လက်နက်ကိုင် အဖွဲ့များမှ ခေါင်းဆောင်နှစ်ဦးစီ ပါဝင်သော ဦးစီးကော်မတီတစ်ရပ် ဖွဲ့စည်းသွားမည် ဖြစ်ပြီး နှစ်ဘက်အပစ်ရပ်စာချုပ် ညှိနှိုင်းရာတွင် ပိုမိုမြန်ဆန်စေရန် ယင်းသို့ ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ရှင်းပြသည်။

ပထမအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံကို အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ လိုင်ဇာ၌ပင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယခုထပ်မံ၍ တတိယအကြိမ် ညီလာခံကို အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပခြင်း ဖြစ်သည်။

ယခုညီလာခံသို့ ကုလသမဂ္ဂနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သံတမန်များ ပထမဆုံးအကြိမ် ပါဝင် တက်ရောက်မည့် အပြင် လက်နက်ကိုင် ညီလာခံများတွင် ပါဝင်ခဲ့ခြင်း မရှိသော “ဝ” နှင့် မိုင်းလား အဖွဲ့တို့လည်း ပထမဆုံးအကြိမ် အဖြစ် ပါဝင် တက်ရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List