Friday, July 25, 2014

ယူကရိန်း ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်



ယူကရိန်း ဝန်ကြီးချုပ် အာဆီနီ ရတ်ဆန်ယွတ်ခ်သည် ကြာသပတေးနေ့(ဇူလိုင် ၂၄ ရက်)တွင် ရာထူးမှ နုတ်ထွက်သွားပြီ ဖြစ်သည်။ ရတ်ဆန်ယွတ်ခ်သည် ပါတီအများအပြား ပါဝင်သည့် ညွန့်ပေါင်းပါလီမန်ကို ဖျက်သိမ်းလိုက်ခြင်းအပေါ် ကန့်ကွက်သည့် အနေဖြင့် ၎င်း၏ ရာထူးမှ အံ့အားသင့်ဖွယ် နုတ်ထွက်သွားခြင်း ဖြစ်သည်။ ရတ်ဆန်ယွန်ခ် ဝန်ကြီးချုပ် အဖြစ်မှ နုတ်ထွက်လိုက်ခြင်းကြောင့် မတည်ငြိမ်မှုနှင့် ပဋိပက္ခတိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် ယူကရိန်းတွင် နိုင်ငံရေး မသေချာ မရေရာမှုများ ပိုမို ပေါ်ပေါက်လာနိုင်ဖွယ် ရှိသည်။
"ညွန့်ပေါင်း ပါလီမန်ကို ဖျက်သိမ်းလိုက်ခြင်းနဲ့ အစိုးရရဲ့ စွမ်းဆောင်မှုများကို ပိတ်ပင်မှုတွေကြောင့် ဝန်ကြီးချုပ်အဖြစ် ကနေ ကျွန်တော် နုတ်ထွက်ကြောင်း ကြေညာပါတယ်"ဟု ရတ်ဆန်ယွတ်ခ်က ပါလီမန်တွင် ပြောကြားသည်။

ပါလီမန်တွင် အမတ်နေရာ အများစု ရရှိထားသည့် ပါတီများက နုတ်ထွက်သွားခြင်းကြောင့် ရွေးကောက်ပွဲများ စောလျင်စွာ ကျင်းပနိုင်ရေး ကြိုးပမ်းမှုကို ပျက်စီးစေခဲ့သည်။ ထိုအခြေအနေကြောင့် အစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ်မှာ နုတ်ထွက်ရမည်သာ ဖြစ်ကြောင်း ရတ်ဆန်ယွန်ခ်က ဆိုသည်။

ယူကရိန်း ပါလီမန် ဥက္ကဋ္ဌက ပါလီမန် ရွေးကောက်ပွဲများ ကျင်းပချိန်အထိ တာဝန်ယူ ဆောင်ရွက်ရန် ယာယီဝန်ကြီးချုပ် တစ်ဦး အလျင်အမြန် ရွေးချယ်ရေး တိုက်တွန်းလိုက်သည်။ ရုရှားက ကျောထောက် နောက်ခံ ပြုထားသည့် သမ္မတ ဗစ်ခ်တာ ယနူကိုဗက်ခ်ျ ရာထူးမှ ပြုတ်ကျခဲ့ပြီးနောက် ယူကရိန်း ပါလီမန် ရွေးကောက်ပွဲများကို အစောတလျင် ကျင်းပ လိမ့်မည်ဟု မျှော်လင့်ခဲ့ ကြခြင်း ဖြစ်သည်။ ယူကရိန်း ပါလီမန်တွင် အမတ်နေရာ အများစု ရရှိထားသည့် ပါတီများ၏ ညွန့်ပေါင်း ပါလီမန်ကို ဖျက်သိမ်း လိုက်ခြင်းဖြင့် လက်ရှိသမ္မတ ပက်ထရို ပိုရိုရှန်ကို အနေဖြင့် လာမည့် လအတွင်း ပါလီမန် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာနိုင်မည်ဖြစ်သည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List