Wednesday, July 23, 2014

ထိုင်းနိုင်ငံရေး ရှုပ်ထွေးရန်လုပ်သည်ဟုဆိုကာ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းရန် ထိုင်းရဲတပ်ဖွဲ့ ဆုငွေထုတ်


ထိုင်းပြည်တွင်းရေး ရှုပ်ထွေးနေစဉ် ထိုင်းရှပ်နီအသင်းဝင်ရန် မြန်မာနိုင်ငံသား အချို့ကို စည်းရုံးခဲ့သည် ဆိုသော မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးနိုင်ရေး အတွက် သတင်းပေးသူကို ဆုငွေ ဘတ်ငါးသောင်း ချီးမြှင့်မည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားကြောင်း ထိုင်းနိုင်ငံနယ်စပ်ရှိ မြဝတီခရိုင်နှင့် ကော့သောင်း ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဖမ်းဝရမ်းထုတ်ထားသူ အသက် ၄၀ ဝန်းကျင်ခန့်ရှိ တိုရင်း(ခ) စိုင်းကျွန်မှာ ရှမ်းလူမျိုးဖြစ်ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများကို နေ့စားခများပေး၍ ရှပ်နီအဖွဲ့သို့ ဝင်ရောက်ပြီး ဆန္ဒပြရန် စည်းရုံး ခဲ့ခြင်း၊ လုပ်ငန်းရှင်များထံသို့ တရားမဝင် အလုပ်သမားများ ပို့ဆောင်ပေးခြင်းတို့ကြောင့် ဖမ်းဆီးရမိရေး အတွက် ဆုကြေးငွေ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း မြဝတီခရိုင် လူကုန်ကူးမှု တားဆီးနှိမ် နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

“ထိုင်းနိုင်ငံထဲမှာ သူ့ကိုမိဖို့ ထိုင်းရဲတွေ မြေလှန်ရှာနေတယ် ကြားတယ်။ ဒီဘက်ကမ်းကို ရှောင်တိမ်းလာ ခဲ့ရင် ဖမ်းပေးဖို့ အကူအညီတောင်းထားတာ ရှိပါတယ်။ လတ်တလော စုံစမ်းရသလောက် မြန်မာနိုင်ငံ ဘက်ခြမ်းကို သူပြန်မဝင်လာသေးဘူးလို့ လဝကအဖွဲ့က ပြောတယ်” ဟု ၎င်းက ရှင်းပြသည်။ 

ဖမ်းဝရမ်း ထုတ်ပြန်ခံထားရသူ ရှမ်းအမျိုးသားမှာ နိုင်ငံကူးလက်မှတ် အတုများ ပြုလုပ်၍ မြန်မာ အမျိုးသမီး များကို ထိုင်းနိုင်ငံရှိ အနှိပ်ခန်းများသို့ လိမ်လည်ပို့ဆောင်သူ ဖြစ်ကြောင်း၊ အလုပ်သမားများ ပို့ဆောင်ပေး မည်ဟု လိမ်ညာ၍ လုပ်ငန်းရှင်များထံမှ ဘတ်ငွေသုံးသန်းကျော် လိမ်လည်ခဲ့သောကြောင့် လိမ်လည်ခံရသူ လုပ်ငန်းရှင် ၁၀ ဦးက သက်ဆိုင်ရာမြို့နယ် ရဲစခန်းများတွင် အမှုဖွင့် တိုင်ကြားထားကြောင်း ကော့သောင်း ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနထံမှ စုံစမ်းသိရှိရသည်။ 

ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဗဟိုအဖွဲ့က ဇူလိုင်လ ၂၂ ရက်နေ့က ထိုင်းနိုင်ငံအတွင်း တရားမဝင်နေ ထိုင်သူ နိုင်ငံခြားသားများ အဆုံးသတ်ရေး နှိမ်နင်းမှုများ လုပ်ဆောင်ရန်အတွက် ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဥပဒေချိုးဖောက်သူများနှင့် သက်ဆိုင်သည့် အရေးယူမည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင်း ထိုင်းနိုင်ငံရှိ သတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List