Tuesday, July 22, 2014

ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ရန် အန်အယ်လ်ဒီ အကြံပြု


လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်ကြိုတင်မဲပေးစနစ်ပါအ၀င် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်တွေနဲ့ နည်းဥပဒေတွေကို  ပြင်ဆင်ပယ်ဖျက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လယ်ဒီ) ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီကို အကြံပြုတိုက်တွန်းလိုက်ပါတယ်။

အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်က ဒီကနေ့ ရက်စွဲ နဲ့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဆီ အကြံပြုချက် ၁၀ ချက်ကို တင်ပြထုတ်ပြန် ထားတာဖြစ်ပါတယ်။

ဒီအကြံပြုလွှာ မှာ ရွေးကောက်ပွဲ  မဲဆွယ်စည်းရုံးရေးကာလကို  ရက်ပေါင်း ၃၀ အစား ရက်ပေါင်း ၆၀ ပေးသင့်ကြောင်း၊  လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကြေညာပြီးတဲ့ နေ့ကစလို့ ၁၅ ရက် အတွင်း စုဝေးဟောပြောမယ့် အစီစဉ်ကို ကော်မရှင်ဆီ လျှောက်ထားရမယ်ဆိုတာ မဖြစ်နိုင်တဲ့ အကြောင်း နဲ့ ဟောပြောမယ့်ရက်မတိုင်ခင်  ၅ ရက်ကြိုတင်အကြောင်းကြားရုံနဲ့ လုံလောက် တယ်လို့ ဖော်ပြထားပါ တယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် တချို့ဟာ ကြိုတင်မဲနဲ့ အနိုင်ရခဲ့တယ်ဆိုပြီး  ဝေဖန်ခံ ခဲ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒီလိုတင်ပြရတာဟာ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတ တဲ့ရွေးကောက်ပွဲဖြစ်စေချင်တဲ့အတွက် တင်ပြရတာလို့ ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောပါတယ်။

အန်အယ်လ်ဒီပါတီရဲ့  အကြံပြုချက်တွေထဲမှာ  မဲဆန္ဒရှင် အသုံးအနှုန်း၊  မဲရုံထဲ ၀င်ခွင့်ရတဲ့ ပုဂ္ဂိုလ်နဲ့ ပယ်မဲ ကိစ္စတွေအပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဟာ သမာသမတ်ကျတဲ့ အများပြည်သူလေးစားပြီး ဂုဏ်သိက္ခာရှိတဲ့သူ၊ နိုင်ငံရေး ပါတီဝင်အဖြစ်က ၅ နှစ် ကင်းလွတ်သူ ဖြစ်ရမယ်ဆိုတဲ့ အချက်တွေလည်း ပြင်ဆင်ဖို့ ထောက်ပြထားပါတယ်။

လက်ရှိမှာ  ရွေးကောက်ပွဲနည်းဥပဒေနဲ့ ပတ်သက်ပြီး မူကြမ်းအဆင့်ပဲရှိသေး တာကြောင့်  အကြံပြုထားတဲ့ အချက် ၁၀ ချက်ကို ထည့်သွင်းစဉ်စားပြီး ပြင်ဆင်ပေးဖို့လည်း အန်အယ်လ်ဒီပါတီက တောင်းဆိုထားပါ တယ်။

နိုင်ငံရေးပါတီတွေဟာ အရင်ကလည်း အလားတူပြင်ဆင်မှုတွေ ပြုလုပ်ပေးဖို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကို တောင်းဆို တိုက်တွန်းမှုတွေ လုပ်ခဲ့ဖူးပေမယ့် ကော်မရှင်က ပြင်ဆင်ပေးခြင်းမရှိဘဲ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကမှ နိုင်ငံရေး ပါတီတွေဆီ ပေးပို့ထားတာဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List